ငွေကျပ်ဘီလျံ တစ်ရာ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး သုံးတန်ကျော်ရန်ကုန်မှာ ဖမ်းမိ

Author CJ Platform
Categories
Published on Mar 19, 2025

ရန်ကုန်တိုင်းအတွင်းက မြို့နယ် နှစ်ခုမှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့တစ်ခုကို မူးယစ်ဆေးဝါး ၃ တန်ကျော်နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့  ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဂိုဒေါင်ကနေ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ ဒဂုံမြို့သစ် မြောက်ပိုင်း (၄၉)ရပ်ကွက်ရှိ နေအိမ်ကနေ ၁ တန်၊  မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးတွင် ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း)  ၁ ဒသမ ၂၆၅ တန် နှင့် ကက်တမင်း ၂၀၀ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီ မူးယစ်ဆေးဝါးတွေဟာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာနေထိုင်သူ  ကိုတင်မောင်ဝင်းရဲ့ အစီအမံဖြင့် တောင်ဒဂုံမှာ နေထိုင်သူ ကိုသန်းလွင် က တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး ချိတ်ဆက်ပါဝင်သူတွေကို ကွင်းဆက်ဖော်ထုတ်ဖမ်းဆီး ခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

 

မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးမှာ ဖမ်းဆီးရမိတဲ့ မော်တင်ယာဉ်ပေါ်က မူးယစ်ဆေးဝါးတွေ ဟာ မလေးရှားပင်လယ်ရေပြင်ကို ချိတ်ဆက်ပို့ဆောင်ရောင်းချဖို့ ဖြစ်တယ်လို့ စစ်ကောင်စီ သတင်းစာထဲ ဖော်ပြထားပါတယ်။

 

အဲဒီလို ချိတ်ဆက်ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲ သူမှာ AA စီးပွားရေးတာဝန်ခံ ကိုရဲဝင်း(ခ)ကျော်စိုးလင်း နဲ့ ဇနီးဖြစ်သူ မသီတာမြင့် တို့ဖြစ်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပြီး မသီတာမြင့်မှာ ရွှေကောင်းသာ စက်လှေ ပိုင်ရှင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ဒါ့အပြင် သူတို့ ဇနီးမောင်နှံနှစ်ဦးက  တန့်ယန်း၊ တောင်ကြီး၊ မန္တလေး နဲ့ ရန်ကုန်မြို့တို့မှာ မော်တော်ယာဉ်ဂိတ်တွေ ဖွင့်လှစ်ပြီး ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးနဲ့ သယ်သူပို့ဆောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာနေထိုင်သူ ကိုတင်မောင်ဝင်း ဆိုသူနဲ့ AA စီးပွားရေးတာဝန်ခံ ကိုရဲဝင်း(ခ)ကျော်စိုးလင်း နဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရမိခြင်း မရှိဘူးလို့ စစ်ကောင်စီ သတင်းစာက ရေးသားထားချက်အရ သိရပါတယ်။

 

ဒီဖြစ်စဉ်အတွင်း သိမ်းဆည်းရမိတဲ့  ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်ဖို့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC

Related News

Depend on news