ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီနဲ့ TNLA တို့ကြား ကြီးမားတဲ့ သဘောတူညီချက် မရခဲ့

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ TNLA တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ရက် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ အချက် သုံးချက်သာ ဆွေးနွေးနိုင်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆွေးနွေးပွဲအတွင်း နှစ်ဖက်ညှိနှိုင်းဖို့ ခက်ခဲခဲ့တာကြောင့် သက်ဆိုင်ရာ အဖွဲအစည်းတွေအကြား ဆွေးနွေးပြင်ဆင်မှုတွေ ပြုလုပ်ပြီး နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ဖို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဆွေးနွေးအကြံပြုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲအတွင်း နှစ်ဖက်တပ်တွေ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲဖို့၊ နှစ်ဖက်စလုံး ထိုးစစ်တွေပြုလုပ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ ၊လက်နက်ကြီးတွေ ပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲချတာ စတဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားလုံး ရပ်တန့်ဖို့၊ နှစ်ဖက် ထိန်းချုပ်နယ်မြေတွေရဲ့ ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ ဆေးဝါးတွေ သယ်ဆောင်နိုင်ဖို့အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် ဆိုတဲ့ အချက် သုံးချက်သာ ဆွေးနွေးနိုင်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဘက်က ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ကူမင်းမြို့က ဟိုင်ဂင်ဟိုတယ် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သတ်ပြီး PSLF/TNLA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ နှစ်ဖက်ဆွေးနွေးနိုင်ဖို့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားရောက်ပြီလို့ သတင်းထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ အခုအချိန်အထိ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။