မိုးဖြိုင်ဖြိုင်ရွာပေမဲ့ ရန်ကုန်မှာ လျှပ်စစ်မီး ပြတ်မြဲပြတ်ဆဲ

Author CJ Platform
Categories
Published on Jul 01, 2024

အခုမိုးရာသီကာလမှာ မိုးဖြိုင်ဖြိုင်ရွာနေပြီး လျှပ်စစ်ဓာတ်အားတွေ တိုးမြှင့်ထုတ်လုပ်နိုင်တယ်လို့ စစ်ကောင်စီက ကြေညာနေပေမယ့် ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေဆဲလို့ မြို့ခံတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System breakdown ဓာတ်အားပြတ်တောက်ပြီး နောက်ပိုင်း တစ်နေ့လုံး မီးပြတ်ကာ ည ၁၂နာရီမှ မီးရတယ်လို့ တာမွေမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

“မီးပြတ်တာက တာမွေအဆိုးဆုံးပဲ။ system breakdown ဖြစ်ပြီးမှ အလှည့်ကျဖြတ်တာရယ်။ လာချိန်ကျ ဝန်အားလျှော့တာရယ်။ အပြစ်ဖြစ်တာရယ်နဲ့ ည ၁၂လောက်အဲ့လောက်မှ မီးပေးတယ်။ မိုးတွေရွာနေတဲ့ကာလတောင် မီးမပေးနိုင်တာ လာမဲ့ဆောင်းရာသီ၊ ‌နွေရာသီကတော့ မတွေးဝံ့စရာပါပဲ”လို့ သူကပြောပါတယ်။

 

အခုရက်ပိုင်းတွေမှာ သင်္ဃန်းကျွန်း၊ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွှန့်တို့လို့ မြို့တွင်းပိုင်းနေရာတွေမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေက ပိုမိုဆိုးရွားနေပါတယ်။

“မီးက အရင်က မနက် ၉ကနေ ၁နာရီဖြတ်တာ။ အခုရက်တွေမှာဆို မနက် ၈ကနေဖြတ်တယ်။ ၁နာရီလာချိန်ကျလည်း မိနစ် ၂၀လောက်လာပြပြီး ဝန်အားလျှော့လို့ဆိုပြီးပြတ်တယ်။ သုံးရတယ်ကိုမရှိဘူး။ သဃ်န်းကျွန်းအဆိုးဆုံးပဲ။”လို့ သဃ်န်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။

 

အခုရက်တွေမှာ ရန်ကုန်မှာ လျှပ်စစ်မီးကို အုပ်စု A /B ခွဲကာ မနက် ၈နာရီမှ နေ့လယ် ၁နာရီ၊ နေ့လယ် ၁နာရီမှ ညနေ ၅နာရီဆိုကာ အလှည့်ကျ မီးပေးနေပါတယ်။

 

ရန်ကုန်မှာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် နွေရာသီကစလို့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်နေကာ ပြည်သူလူထုရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုကိတာတွေ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတချို့ ပိတ်သိမ်းရတာတွေ ရှိနေတာပါ။

 

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ကတော့ ရွှေလီ- မန်စံ ရွှေစာရံ ဓာတ်အားလိုင်းအပြစ်ဖြစ်နေပြီး၊ နယ်မြေအခြေအနေရ ပြုပြင်ဖို့ခက်နေသေးတာကြောင့် ရန်ကုန်မှာ မီးယာယီပြတ်တာတွေ ရှိနေအုံးမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ကိုထက်

 

ပုံစာ – ရန်ကုန်မြို့တွင်း လျှပ်စစ်မီးပြတ်တောက်နေပုံ (ပုံဟောင်း)