မတူပီသိမ်းခံရပြီးနောက် မင်းတပ်မှာ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် လက်နက်နဲ့ လူအင်အား ဖြည့်တင်း

Author ဆလိုင်း
Categories
Published on Jul 01, 2024

ချင်းပြည်မှာ မတူပီမြို့သိမ်းခံရပြီးနောက် ကပ်လျက်မြို့ မင်းတပ်မှာ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ဖြည့်တင်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။

 

မနေ့ ဇွန်လ ၂၉ ရက် ညပိုင်းမှာ ချင်းညီနောင်နဲ့ ပူးပေါင်းတပ်က မတူပီမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီကင်းစင်မြို့ဖြစ်ပြီလို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

 

အဲဒီလို မြို့သိမ်းတိုက်ပွဲဆင်နေစဉ် မနေ့ မွန်းလွဲပိုင်းမှာ မင်းတပ်အခြေစိုက် ခလရ  ၂၇၄ တပ်ရင်းကို စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့ စစ်သားအင်အားတွေ ဖြည့်နေတာဖြစ်တယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။

 

စစ်ရဟတ်ယာဉ်နဲ့ ခုနစ်ကြိမ်ထက်မနည်း လာရောက်ဆင်းသက်တာကြောင့် တပ်အင်အား ၁၀ဝ ခန့်ရှိမယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ရဟတ်ယာဉ် တစ်စီးကို လူအယောက် ၃၀ လောက်ဆံ့တယ်။ တပ်ထဲကို ရဟတ်ယာဉ် နှစ်စီးနဲ့ အဆင်းတွေချည်း ခုနစ်ခေါက်လောက်ရှိတယ်။ တပ်အင်အား အနည်းဆုံး ၁၀ဝ ဝန်းကျင်ဖြစ်မယ်။ ပြီးတော့ လက်နက်ခဲယမ်းလည်း ဖြည့်တင်းတာနေမယ်” လို့ ၎င်းက ပြောပါတယ်။

 

ချင်းညီနောင် သိမ်းပိုက်ရရှိထားတဲ့ မတူပီမြို့နဲ့ ဆက်စပ်နေတဲ့ မင်းတပ်မှာလည်း တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေလို့ တပ်မိသားစုများကို ရွှေပြောင်းခြင်းလည်းဖြစ်နိုင်တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောဆိုပါတယ်။

 

“မင်းတပ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေလို့ စစ်ကောင်စီက တပ်မိသားစုတွေ ကြိုရွှေ့ပြောင်းပေးတာဖြစ်မယ်။ တစ်ဖက်မှာလည်း တပ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တာလည်း ဖြစ်မယ်။ စစ်ကောင်စီဘက်က မင်းတပ်စစ်ရေးနဲ့ပတ်သက်လို့ ပြင်ဆင်တာဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

မင်းတပ်မြို့ ဒေသခံအများစုကလည်း မြို့သိမ်းတိုက်ပွဲ သတင်းတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်ကစပြီး ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

 

လက်ရှိ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က ခံစစ်အတွက် စစ်ရေး ပြင်ဆင်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

 

ချင်းညီနောင်အဖွဲ့က ချင်းပြည်နယ်တွင်းရှိ မြို့တွေကို သိမ်းပိုက်နိုင်ရေးနဲ့ စစ်ကောင်စီ ကင်းစင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မနေ့ ဇွန်လ ၂၉ ရက်က မတူပီမြို့သိမ်း တိုက်ပွဲသတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

မင်းတပ်မြို့ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းလဲန်းကာကွယ်ရေး(မင်းတပ်) အခြေပြု စစ်ရေးလှုပ်ရှားတဲ့ မြို့လည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ