မိုးကုတ်မှာ စစ်သုံ့ပန်း ၂၀ နီးပါးနဲ့ လက်နက် ၄၀ ကျော်ရလို့ PSLF/TNLA ထုတ်ပြန်

Author လဂွန်းအိမ်
Categories
Published on Jul 01, 2024

ရှမ်းမြောက်နဲ့ မန္တလေးတို့မှာဆင်နွှဲနေတဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ခုနစ်ရက် တစ်ပတ်အတွင်း မိုးကုတ်မြို့မှာ စစ်သုံ့ပန်း ၂၀ နီးပါးနဲ့ လက်နက်ကြီး/ငယ် ၄၀ ကျော်နဲ့အတူ ခဲယမ်းများ သိမ်းဆည်းရမိထားတယ်လို့ ဒီနေ့ညပိုင်း PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန် ၂၅ မှ ဒီနေ့ ဇူလိုင် ၁ ရက်အထိ တစ်ပတ်အတွင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲ တအောင်းတပ် TNLA နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မိုးကုတ်ဗျူဟာ၊ PDF (513)တို့ စစ်ကောင်စီတပ်တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ရဲ နှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၇ ဦးကို ဖမ်းဆီးထားနိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် MA1 တစ်လက်၊ MA 2 သုံးလက်၊ MA 3 ငါးလက်၊ MA10 နှစ်လက်၊ MA11 သုံးလက်၊ MA16 တစ်လက်၊ MG-64 တစ်လက်၊ 60mm နှစ်လက်၊ 81mm တစ်လက်၊ RPG-7 နှစ်လက်၊ G3 ကိုးလက်အပါအဝင် လက်နက်ကြီး/ငယ် စုစုပေါင်း ၄၃ လက်သိမ်းအပြင်  အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ PSLF/TNLA က ပုံနဲ့တကွထုတ်ပြန်လာပါတယ်။

ဇွန် ၂၆ ရက် တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့တုန်းကလည်း ကျောက်မဲမြို့နယ်မှာ စစ်သုံ့ပန်း ၁၇ ဦးနဲ့အတူ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

 

စစ်ဆင်ရေး ခုနစ်ရက်မြောက်နေ့မှာ TNLA အနေနဲ့ တစ်ဖက်မှာလည်း ရှမ်းမြောက် နောင်ချိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ၆၀၆ တပ်စခန်းကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်ပြီး စကခ (၁)၊ ခမရ ၁၁၄ နဲ့ ၁၁၅ တို့မှာလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)နဲ့ ပူးပေါင်းတိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ တအောင်းတပ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

မနေ့က ကျောက်မဲမြို့တွင်းကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့လို့ စစ်ကောင်စီပစ်မှတ် One Love ဟိုတယ်အပါအဝင် အိမ် ၂၀ နီးပါးပျက်စီးသလို လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းနဲ့ ဆီဆိုင်တစ်ဆိုင်တို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

TNLA ရဲ့ တပ်မဟာ ၃ ဒေသဖြစ်တဲ့ မိုးမိတ်မြို့နယ်၊ ညောင်နီကျေးရွာအနီး စစ်ကောင်စီတပ်တွေနဲ့ TNLA တို့ ဇူလိုင် ၁ ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – PSLF/TNLA