ပြင်သစ်နဲ့ ပေါ်တူဂီတို့ ကွာတားဖိုင်နယ် တက်ရောက်နိုင်မလား?

Author မောင်ရှမ်း
Categories
Published on Jul 01, 2024

ဒီကနေ့ ဇူလိုင် ၁ ရက်ညမှာတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ရက်က ဆွစ်ဇာလန်နဲ့ ဂျာမနီ၊ အင်္ဂလန်နဲ့ စပိန်တို့ ကွာတားဖိုင်နယ်တက်သွားခဲ့ပါပြီ။ ဒီည မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ ယှဉ်ပြိုင်သွားဖို့ရှိနေသလို ဇူလိုင် ၂ ရက် နံနက် ၁ နာရီခွဲမှာတော့ ပေါ်တူဂီနဲ့ ဆလိုဗေးနီးယားတို့ ကစားသွားရမှာဖြစ်ပါတယ်။ ယခုပွဲစဉ် နှစ်ပွဲအတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်တွေက ဘာတွေဖြစ်မလဲ။ ဘယ်အသင်းတွေ နိုင်မယ်လို့ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်…

 

ပြင်သစ် – ဘယ်လ်ဂျီယံ

ပြင်သစ်ဟာ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ရာမှာတော့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က အဓိက ကျခဲ့တယ်လို့ ဆိုရမှာပါ။ ပြင်သစ်အနေနဲ့ အုပ်စုတွင်း ၃ ပွဲမှာ ၁ ပွဲနိုင်ပြီး ၂ ပွဲသရေကျခဲ့ကာ တိုက်စစ်ပိုင်းက ၂ ဂိုးသာရခဲ့သလို အဆို ၂ ဂိုးမှာလည်း OG တစ်ဂိုး၊ ပင်နယ်တီ တစ်ဂိုးဖြစ်နေခဲ့တာကြောင့် တိုက်စစ်ပိုင်းကတော့ အားရာစရာကောင်းတဲ့အနေအထားမဟုတ်ပါဘူး။ ဒါပေမဲ့ စာရွက်ပေါ်က တိုက်စစ်အင်အားကတော့ လက်ဖျားခါလောက်စရာပါ။ ပုံမှန်ပွဲထွက်ရမယ့်ကစားသမားတွေအဖြစ် အမ်ဘတ်ပေ၊ ဂရက်ဇ်မန်းနဲ့ ဒမ်ဘီလီတို့ ရှိနေသလို မားကပ်စ်သူရမ်၊ မူအာနီ၊ ကိုးလ်မန်း၊ ဂျရူးနဲ့ ဘာကိုလာတို့ကလည်း စွမ်းဆောင်ရည်မြင့်ကစားသမားတွေဖြစ်ပါတယ်။ ကွင်းလယ်မှာလည်းဝါရင့်တွေဖြစ်တဲ့ ကန်တီနဲ့ ရာဘီယော့တ်တို့ဟာ ချူအာမန်နီ၊ ကာမာဗင်ဂါတို့နဲ့ တွဲဖက်မိနေတာကြောင့် ဘယ်လ်ဂျီယံကို စိုးမိုးကစားနိုင်မှာသေချာပါတယ်။ ခံစစ်ကတော့ အားရစရာအကောင်းဆုံးပါ။ ဆလီဘာနဲ့ အူပါမီကာနိုအတွဲဟာ ၃ ပွဲမှာ တစ်ဂိုးပဲ ပေးခဲ့ရတာပါ။ သူတို့အနေနဲ့ ဘယ်လ်ဂျီယံခံစစ်ကြောင်းကိုလည်း ထိန်းချုပ်နိုင်ဦးမှာပါ။

 

ဘယ်လ်ဂျီယံကတော့ ကွင်းလယ်မှာ ဒီဘရိုင်း၊ တိုင်လီမန်းစ်နဲ့ အိုနာနာတို့ဟာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရသလို ဒိုကူ၊ လူကာကူနဲ့ ထရော့ဆက်တို့ရဲ့တိုက်စစ်ကလည်း သွင်းဂိုးမရှိသေးသလို နားလည်မှုတည်ဆောက်နေတုန်း အဆင့်လိုကို ဖြစ်နေတာပါ။ ဒါကြောင့် ဘယ်လ်ဂျီယံအနေနဲ့ ဒီပွဲမှာ ခံစစ်ကို ဦးတည်ပြီး ကစားရနိုင်ပါတယ်။ လက်ရှိခြေစွမ်းအရ ဘယ်လ်ဂျီယံအနေနဲ့ ပြင်သစ်ကို ယှဉ်ကစားဖို့မလွယ်သလို နည်းပြရဲ့ အတွေ့အကြုံနဲ့စွမ်းဆောင်ရည်မှာလည်း ပြင်သစ်က အပြတ်အသတ်အသာရနေပါတယ်။ ဒါကြောင့် ပြင်သစ်အနေနဲ့ ပုံစံကောင်းတွေပျောက်ဆုံးနေတဲ့ ဘယ်လ်ဂျီယံကို အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်သွားမှာပါ။

 

ခန့်မှန်းချက် – ပြင်သစ် ၁ -ဝ ဘယ်လ်ဂျီယံ

 

ပေါ်တူဂီ – ဆလိုဗေးနီးယား

 

ယူရို ၂၀၁၆ ချန်ပီယံပေါ်တူဂီအသင်းကတော့ ရော်နယ်ဒို၊ ပီပီတို့လို ဝါရင့်ကစားသမားတွေအပြင် ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့လို ထိပ်တန်းကစားသမားတွေနဲ့အတူ ပုံစံကောင်းတွေပြသထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ၂ ပွဲကစားပြီးချိန်မှာပဲ ၆ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဂျော်ဂျီယာနဲ့ပွဲမှာ အမှတ်မလိုတော့လို့သာ ရှုံးပွဲတွေ့ခဲ့တာပါ။ ပေါ်တူဂီအနေနဲ့ အဲဒီရှုံးပွဲကနေ အားနည်းချက်တွေကို ပြင်ဆင်နိုင်မယ်ဆိုရင် သူတို့အတွက် ပိုကောင်းလာဖို့ ရှိနေပါတယ်။

 

ဆလိုဗေးနီးယားဟာ အင်္ဂလန်ရဲ့အုပ်စုမှာ ၃ ပွဲကစား ၃ ပွဲသရေနဲ့ ဒီအဆင့်ကိုရောက်လာတာပါ။ သူတို့ရဲ့ အဓိက အားသာချက်ကတော့ ခံစစ်မာကျောမှုပါ။ အသင်းခေါင်းဆောင် ဂိုးသမားကလည်း အော့ဘလက်ဖြစ်နေတာကြောင့် သူတို့ဟာ ဒီအဆင့်ထိရောက်လာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ အော့ဘလက်ဟာ သူ့ကစားသမားဘဝတစ်ခုလုံးမှာ ဟက်ထရစ် ၄ ကြိမ်ခွင့်ပြုခဲ့ရဖူးပါတယ်။ အဲဒီ ၄ ကြိမ်လုံးကို ရော်နယ်ဒိုက သွင်းယူခဲ့တာပါ။ အခုလည်း ရော်နယ်ဒိုနဲ့ ဆုံပါပြီ။ ကစားသမားအင်အားအရ ဆလိုဗေးနီးယားအနေနဲ့ ပေါ်တူဂီကို တန်ပြန်တိုက်စစ်ကနေပဲ ပြန်လည်ခုခံမယ့်အနေအထားပါ။

 

ပေါ်တူဂီကလည်း လက်ရှိအစုအဖွဲ့နဲ့ ဖိုင်နယ်အထိမှန်းထားတာဖြစ်ပြီး လမ်းကြောင်းလည်း ချောင်နေတာမို့ ဒီလိုပွဲမျိုးက မဖြစ်မနေအနိုင်ကစားရမှာပါ။ ပေါ်တူဂီအနေနဲ့ မာကျောတဲ့ ဆလိုဗေးနီးယားခံစစ်ကို တစ်ချိန်လုံးထိုးဖောက်ရင်း လိုအပ်နေတဲ့သွင်းဂိုးရယူပြီး ကွားတားဖိုင်နယ် တက်သွားပါလိမ့်မယ်။

 

ခန့်မှန်းချက် – ပေါ်တူဂီ ၁ – ဝ ဆလိုဗေးနီးယား

 

ဓာတ်ပုံ – OPTA

Related News

Depend on news