ပေါင်းတည်တွင် ပတ်လည်မိုင်းထိပြီး စစ်ကောင်စီ စစ်ကြောင်းက သုံးဦးသေ

Author Gold
Categories
Published on Apr 16, 2024

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် သိမ်ကုန်းကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ကို ဧပြီ ၁၄ရက်နေ့ မနက် ၈နာရီခန့်တွင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ပတ်လည်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ခရိုင် ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံထံမှ သိရသည်။

 

သိမ်ကုန်းကျေးရွာမှ အင်အား (၄၈)ဦးဖြင့် စစ်ကြောင်းနှစ်ခုခွဲကာ ထွက်ခွာလာသည့် စစ်ကြောင်းကို ထန်းကုန်းကျေးရွာအနီးတွင် ပတ်လည်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

“ အသုံးပြုခဲ့တာကတော့ ပတ်လည်မိုင်းပါပဲ နှစ်လုံးပေါ့ ထန်းကုန်းနဲ့ကိုင်းကွင်းကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ သုံးဦးသေဆုံးခဲ့တယ်လို့ သိရတယ်” ဟု ပြောသည်။

 

သေဆုံးအလောင်းများနှင့် ထိခိုက်ဒဏ်ရာရ လူနာများကို ရေလမ်းခရီးဖြင့် ကျောက်ကြီးတောင်ဘက်သို့ သယ်ဆောင်သွားပြီး ၎င်းစစ်ကြောင်းသည် ဧပြီ ၁၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းသို့ ပြန်လည်ဝင်ရောက်သွားသည်ဟု သိရသည်။

 

ထို့ပြင် ဧပြီလ ၁၂ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်ရွာနှင့် ပါးပြင်ရွာ လမ်းဘေးရှိ ဇရပ်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

 

ရုပ်သံ – ပေးပို့

Related News

Depend on news