TNLA သိမ်းထားတဲ့မြို့တွေထဲက Non CDM ဝန်ထမ်းတွေကို တာဝန်ကရပ်ဆိုင်းပြီး အရေးယူမယ်လို့ဆို

Author လဂွန်းအိမ်
Categories
Published on May 15, 2024

ရှမ်းပြည်(မြောက်ပိုင်း) တအောင်းဒေသထဲက PSLF/TNLA ထိန်းချုပ်ထားရာ မြို့ ၇မြို့က Non CDM ဝန်ထမ်းတွေရဲ့ လုပ်ငန်းတာဝန်တွေအားလုံး ရပ်ဆိုင်းလိုက်ပြီလို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီက မေလ ၁၅ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူနဲ့ တိုင်ကြားခံရသူ Non CDM ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူမယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

တအောင်းဒေသမှာ ဆက်လက်နေထိုင်နေတဲ့ Non CDM တွေအနေနဲ့ စစ်ကောင်စီနဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်တာ၊ အစီရင်ခံစာပေးပို့ခြင်းတာအပါအဝင် စစ်ကောင်စီဆီက လစာငွေကြေးထုတ်ယူတာကို စစ်ဆေးတွေ့ရှိရတဲ့အပြင် တစ်စုံတစ်ရာ ပူးပေါင်းဆောင်ရွက်တာ တွေ့ရှိလာခဲ့ရင် အပြစ်ပေးခံရမှာဖြစ်တယ်လို့ သိရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းယူရရှိခဲ့တဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့ ၊ မိုင်းလုံ စတဲ့ မြို့ ၇ မြို့ အပါအဝင် PSLF ရဲ့ အုပ်ချူပ်ရေးနယ်မြေတွေမှာ ဒီထုတ်ပြန်ချက် အကျုံးဝင်မှာဖြစ်ပြီး PSLF အနေနဲ့လည်း လူထုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံပြည်သူလူထုနဲ့အတူ ယခင်ကထက် ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော်ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Non CDM ဝန်ထမ်းတွေကို အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။

 

PSLF/TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အရင်နှစ် နိုဝင်ဘာ ၆ ရက်မှာ နမ့်ခမ်း၊ ဒီဇင်ဘာ ၅ ရက်မှာ မိုင်းလုံ၊ ဒီဇင်ဘာ ၁၅ ရက်မှာ နမ့်ဆန်၊ မန်တုံမြို့ကို ဒီဇင်ဘာ ၂၃၊ နမ္မတူမြို့ကို ဒီဇင်ဘာ ၂၈ နဲ့ မိုင်းငေါ့မြို့ကို ဒီဇင်ဘာ ၃၁ ရက်မှာ သိမ်းယူခဲ့ပြီး ကွတ်ခိုင်မြို့ကိုတော့ ဒီနှစ် ဇန်နဝါရီ ၇ ရက်မှာ သိမ်းယူထားခဲ့တာဖြစ်ပါတယ်။

 

အဲဒီမြို့နယ်တွေမှာ PSLF/TNLA က ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နေပြီး ကျောင်းတွေ၊ ဆေးရုံတွေအပြင် ဘာသာရေးအဆောက်အအုံတွေအထိပါ PSLF/TNLA အကြီးအကဲတွေက ပါဝင်လုပ်ဆောင်နေကြတာကို သူတို့ရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

 

ပုံစာ – ဒီနှစ် ဧပြီ ၁၇ ရက်က ‘ဝ’ ပြည်နယ် ၃၅ နှစ်ပြည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနေ့အခမ်းအနားကိုတက်ရောက်လာတဲ့ PSLF/TNLA အကြီးအကဲများ