မြင်းခြံ၊ ရွာရှည်ရွာကို ဝင်ထိုးနေတဲ့စစ်ကြောင်းကို နှစ်ရက်ဆက်တိုက်ခိုက်၊ ၆၀ ထက်မနည်းသေဆုံးပြီး ၈၀ ခန့်ဒဏ်ရာရလို့ဆို

Author မင်းထက်
Categories
Published on May 15, 2024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေလုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသတွင်းကာကွယ်ရေးတပ်တွေကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၀ဝ ခန့်နဲ့အတူ ရွာရှည်ရွာထဲ ထိုးစစ်ဆင် စတင်ဝင်ရောက်လာခဲ့တာလို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ခုခံစစ်ကြောင့် ပထမရက် မေ ၁၃ မှာ အကျအဆုံးများစွာနဲ့ ရှေ့မတက်နိုင်ခဲ့ဘူးလို့ မြင်းခြံခရိုင်တပ်ရင်း ၉ (MBT)မှ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက CJ Platform ကိုပြောပါတယ်။

 

အဲဒီနောက် မနေ့ မေ ၁၄ ရက် နံနက် ၆ နာရီခန့်မှာ စစ်ကောင်စီပူးပေါင်းတပ်ဘက်က နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ဒရုန်းတွေအပါအဝင် ရေတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ခဲယမ်း မလုံလောက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ Jammer စက်တွေ မရှိတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

 

အဲဒီနှစ်ရက်တာ ခုခံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးခဲ့ပြီး ၈၀ ဝန်းကျင်ဒဏ်ရာရရှိခဲ့ပေမဲ့ MBT တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တွေဘက်က ၁၅ ယောက်ခန့်သာ (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်တွေဘက်က ဆိုပါတယ်။

 

ရွာရှည်ရွာမှာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး စစ်ကောင်စီတပ်သားတွေက ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး အရပ်သားပြည်သူ လေးဦးကိုလည်း အကြောင်းမဲ့သတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက​ ပြောပါတယ်။

 

“တစ်ရွာလုံးမှာမှ ဘုန်းကြီးကျောင်း နှစ်ကျောင်းရယ်၊ စာသင်ကျောင်းရယ်ပဲကျန်တာပါ။ တစ်ရွာလုံးရှောင်နေကြရတယ်။ ရှောင်တဲ့အခါ မကွေးတိုင်းဘက်ကို ရှောင်တာရှိသလို တချို့ကြတော့လည်း မြင်းခြံမြို့နယ် လုံခြုံတဲ့တစ်နေရာကို ရှောင်နေကြတယ်” လို့ သူက ဆက်ပြောပါတယ်။

 

မေ ၁၃ နဲ့ ၁၄ ရက်တိုက်ခိုက်မှုတွေကို MBT နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း ၆ ၊ တပ်ခွဲ ၁ နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊ Bright Star Group၊ ဗိုလ် ၆၀ တပ်ဖွဲ့၊ Popa Guerilla Force၊ Royal Eagle People Defence ၊ Myingyan Danger Dynamit၊ Drone Fighter Kani – D.F.K၊ Anyar Federal Task Force၊ 27 Volution Force၊ BGF နဲ့ အခြားညီနောင်မဟာမိတ်တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

မေလ ၉ ရက်နေ့က မြင်းခြံမြို့၊ ဆုံရွာမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း PDF တွေကြောင့် ကျေးရွာနေ ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ကောင်စီဩဇာခံ တရားဝင်သတင်းမီဒီယာနဲ့ ဝါဒဖြန့်လော်ဘီချန်နယ်တွေက စွပ်စွဲကြပါတယ်။

 

“ကျွန်တော်တို့တွေ သူတို့ကိုတိုက်ခိုက်တဲ့အခါမှာ သူတို့တွေရဲ့ စခန်းတွေကိုပဲ ရှင်းလင်းတိုက်ခိုက်ခဲ့တာပါ။ မဆိုင်တဲ့ပြည်သူကိုမသတ်ခဲ့သလို ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က တို့ပြည်သူကိုသတ်ဖြတ်တာတွေ ရွာလုံးကျွတ်မီးရှို့တာတွေရှိခဲ့ပါတယ်” လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

 

အဲဒီဆုံရွာက ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရွာရှည်ရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ နှစ်ရက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွာရှည်ရွာက နေအိမ်အများအပြားကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

 

ရုပ်သံ – မြင်းခြံခရိုင်တပ်ရင်း ၉