မြောင်နယ်ကကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့နေလို့ ဒေသခံတွေထွက်ပြေးနေရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက မီးရှို့နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ အဲဒီကဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီက သာခေါင်ကျေးရွာကနေ စစ်ကြောင်းထိုးဝင်ရောက်လာသလို မြောင်နယ်ထဲက ပန်းညိုရွာကို ရေလမ်းကနေ နောက်ထပ်အင်အားဖြည့်ဝင်ရောက်လာပြီး ပန်းညိုကျေးရွာရှိ စာသင်ကျာင်းကို အဓိကထားမီးရှို့ခဲ့ကာ လူနေအိမ် ၅၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။
“ စစ်ကြောင်းက အင်အား ၂၀၀ လောက်ရှိမယ်။ လူသေဆုံးထိခိုက်တာတော့ မရှိပါဘူး။ လက်ရှိအခြေအနေထိတော့ ဒေသခံတွေက ပြေးနေရတုန်းပါ”လို့ ကိုနွေဦး-မြောင် က CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ပန်းညိုကျေးရွာကို ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက စတင်ကာ မီးတင်ရှို့ခဲ့ပြီး လက်ရှိမှာ မြေတော်ကျေးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးသွားတယ်လို့ သိရပါတယ်။
မြေတော်ကျေးရွာကိုလည်း စစ်ကောင်စီက ဒီနေ့မနက် ၈ နာရီခန့်က စတင်ပြီး မီးရှို့နေပြီး စစ်ကြောင်းဟာ မြေတော်ကျေးရွာမှာပဲ ရှိနေသေးတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ အခုမတ်လဆန်းပိုင်းကစတင်ကာ ရေစကြိုမြို့နယ်က တဆင့် မြောင်နယ်ထဲရောက်ရှိလာတာဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတလျောက် ကျေးရွာတွေကို မီးရှို့နေတာပဲဖြစ်ပါတယ်။
ရေစကြိုမြို့နယ်ထဲက မြေစွန်းရွာကို သုံးရက်ဆက်မီးရှို့ခဲ့ပြီး ဇရပ်နီရွာ၊ သာခေါင်ကျေးရွာ တို့ကိုလည်း မီးရှို့ခဲ့တဲ့အပြင် မြောင်နယ်ထဲရောက်ရှိလာကာ မြောင်က ပန်းညိုရွာနဲ့ လက်ရှိမြေတော်ရွာကို မီးရှို့နေတာပဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် ရေစကြိုမြို့နယ်က မြေစွန်း၊ ဆင်ခြေယာ၊ မာလကာခြံ၊ ရွှေလှန်၊ ဇရပ်နီ၊ သာခေါင်ကြီး၊ သာခေါင်လေး၊ ရွာသစ်ကျေးရွာနဲ့ ဖြုံဘူးကျေးရွာ၊ မြောင်မြို့နယ်က နနွင်းကိုင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ မြစ်ဆုံ၊ ငါးရံ့အို၊ မင်းလှ၊ ပန်းညို ညောင်ကားယား၊ မြေတော်ကျေးရွာတို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာတော့ ရေလယ်ကျွန်းကျေးရွာဘက်က ငါးရွာလောက်လည်း ထွက်ပြေးတိမ်းရှောင် နေကြရသလို မြေတော်ကျေးရွာမှာတော့ စစ်ကောင်စီမီးရှို့ထားလို့ မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကိုနွေဦး-မြောင်