အကျဉ်းစခန်းတစ်ခုအတွင်း ပေးတဲ့ “စာ”

Author ယုဂန်
Categories
Published on Feb 14, 2025

ယခုဖော်ပြပါ အကြောင်းအရာသည် အကျဉ်းစခန်းတစ်ခုအတွင်း ရောက်ရှိနေသူ အမျိုးသမီးငယ်တစ်ဦးမှ ပေးပို့လာသည့် ဖြစ်ရပ်မှန် အကြောင်းအရာတစ်ခုဖြစ်သည်။ CJ Platform အယ်ဒီတာအဖွဲ့အနေဖြင့် ယခု ဆောင်းပါးပါ အကြောင်းအရာများကို ပြင်ဆင်ဖြည့်စွက်ခြင်းမရှိဘဲ ပေးပို့လာသူ၏ အာဘော်အတိုင်းဖော်ပြပါသည်။

 

“Mob Mentality”

 

CJ Platform

 

ဂျွန် ၂၄ မော်စကိုတနေရာတွင်ဖြစ်သည်။ ကျနော်တို့စားပြီး သောက်ပြီး တောစကား၊ တောင်စကားတွေပြောလျက် ထမင်းလုံးစီနေစဥ် ဂန်းကြောင်တယောက် ပြာတာတာရောက်လာသည်။ မော်စကိုသို့ ရောက်သည်မှာ သိပ်မကြာသေးသည့် ကောင်မလေးတယောက်နှင့် တနှစ်ခန့်ကြာနေပြီဖြစ်သော ၎င်းကောင်မလေးနှစ်ယောက်တို့ သူ့ရှေ့က သုတ်ချေတင်ကာ အိမ်သာနှင့် ကပ်လျက်အခန်း ကျနော်တို့အခေါ် (အလယ်ခန်း) သို့ တစုံတ ယောက်က အမိန့်ပေးလိုက်သည့်နှယ် သုတ်ချေတင်ကာ ထွက်သွားသည်ကို ကျနော်တို့ လျက်တပြက်တွေ့လိုက်ရသည်။

 

၎င်းနောက်ခပ်လှမ်းလှမ်းကနေ၍ “ဟဲ့ သူတို့ နှစ်ယောက်ကို အလယ်ခန်းမှာ ပိတ်ထားလိုက်၊ ငါခဏနေရင် လာခဲ့မယ်” ဟု ပြောပြောဆိုဆိုနှင့် ၎င်းက သူ၏ အပေါင်းအပါများကို တပ်လှန့်လိုက်၏။

 

သိပ်မကြာလိုက် ထိုအလယ်ခန်းသို့ သူလိုက်သွားသည်။ အခြေအနေကို သိသောတယောက်က ကျနော်တို့ကို အကျိုးအကြောင်းလာပြော၏။ အကြောင်းကား အုပ်စုဖွဲ့၍ ရမ်းနင်းဂဲလ် (ထွက်ပြေး) လုပ်သည်ကို တွေ့သွားသောကြောင့်တည်း။

 

အသံခပ်ကျယ်ကျယ် ထွက်လာ၏။ အာပေါင်အာရင်းသံဖြင့် “ဗမာတွေ အကုန်လာခဲ့ဟေ့၊ ဆရာမက ပါမစ်ပေးလိုက်ပြီတဲ့” သို့ကလို ပွကြီးလုပ်လိုက်သူကား နေရာတိုင်းတွင် သူများယောင်မှ ဟောင်ဖွာဖွာ ထလုပ်တတ်သည့် ဂျက်ကီပင်။

 

ဗမာတွေ အကုန်ဟု ဆိုရခြင်းမှာ ၎င်းအရပ်သည် ဗမာများနှင့် မွတ်ဆလင်မ်လူမျိုးအများစု ယှဥ်တွဲ နေရ သောကြောင့် မြင်လွယ်ထင်လွယ်ရှိအောင် ခေါ်ခြင်းပင်။ သို့နှင့် ဂျက်ကီအပါအဝင် ၎င်းတို့တသိုက် အလယ်ခန်းရှိရာသို့ အမြှီးနှံ့ကာပြေးကြရင်း၊ ထမင်းခဲတွေ့သည့် ခွေးအုပ်ကြီးနှယ် ဆာလောင်မွတ်သိပ်သမျှကို အဝလွှေးတော့၏။

 

ကျနော်အပါ ၄ ယောက်ကား ငုတ်တုတ်ထိုင်လျက်သားပင်။ ကျနော်တို့ကလည်း “ဓာတ်ပြားဟောင်းက လာပြန်ပဟေ့” ပေါ့။ ထုံးစံကား သို့ကလိုဖြစ်တိုင်း ရှိသမျှ ဗမာများက ထွက်ပြေးသည့်ဗမာကို အမုန်းလွှေးကြခြင်းကြောင့်ပင်(စုပေါင်းရိုက်နှက်ခြင်း)၊ လွှေးဖို့ ဆော်သြသူက ဗမာတွေအကုန် မပါလာပါက ကျန်ခဲ့သူများကိုပါ လိုက်ပွဲအဖြစ် ထပ်ပြီး လွှေးမည်ကိုလည်း ကြော်ငြာမောင်းခပ်ကာ လက်သီးလက်မောင်းတန်း၍ ကြုံးဝါးလိုက်သည်။

 

၎င်းနောက် ဘယ်သူမှန်းပင် မသိလိုက် အသံခပ်ကျယ်ကျယ် ထွက်လာကာ “အရင်တုန်းကထပ်တော့ လက်စာမလျော့စေနဲ့ဟေ့”ဟုအော်ပြောပြန်၏။ ကျနော်တို့ကား ကြောင်အမ်းအမ်းပင်။

 

တ ဆောင်လုံးတွင် ကျနော်အပါ ၇ ယောက်လောက်နှင့် မွတ်ဆလင်မ်အများစုသာ ကျန်တော့၏။ ကျန်သူများကား အလယ်ခန်းတွင် ပွဲတော်အုပ်တွေ့သည့် ခွေးများနှယ်။ ကျနော့်ဘေးက ၃ ယောက်ထဲက ၂ ယောက် လောက်က အခြေအနေသွားကြည့်မည်ဟုဆိုကာထသွားသေး၏။

 

ပြန်လာတော့ နှစ်ယောက်လုံး မျက်စိမျက်နှာ ပျက်နေကြ၏။ ၎င်းတို့ကို စလွှေးသည့်အချိန်ကား ည ၇ နာရီ ကျော်လောက်ရှိပြီ။ ကျနော်လည်း သိချင်ဇောကြီးလာသည်နှင့် ထသွားမိ၏။ အလယ်ခန်းတံခါး ဖွင့်လိုက်သည်နှင့် အိမ်သာခန်းက မီးရောင်ဖြာကျနေသည့် မှောင်မှောင်မည်းမည်းဝန်းကျင်တွင် ခပ်အုပ်အုပ်ဖြစ်နေသည့် လူအုပ်က ကြိုဆိုနေ၏။

 

မော်စကိုသို့ ရောက်တာမကြာသေးသည့် ကောင်မလေးနှင့် အခြားတ ယောက်ကို လိုက်ရှာမိသေး၏။ လူတွေအုံနေသည်နှင့် ရှာမတွေ့။ ကျနော်အိမ်သာခန်းသို့ ဆက်သွားကာ အခြေအနေကြည့်၏။ ရေပုန်းထဲသို့ ရေထည့်နေစဥ်၎င်းအမျိုးသမီးနှစ် ယောက်ကို မြင်ရ၏။

 

ကျနော်တို့ စကရ(စစ်ကြောရေး) ရောက်စကလို ပုံစံနံပါတ် ၄ (ဒူးတဝက်ထောက်ကာ ခေါင်းငုံ့ လက်မြောက်လျက်သား) သူတို့ကို အုတ်နံရံနဲ့ညှပ်လျက်သားတွေ့ရ၏။ ရပ်ကြည့်နေသော လူအုပ်ထဲက တ ယောက်ချင်းစီက အချက်မနည်းလွှေးနေတာကို မျက်မှုန်ကုတ်၍ စူးစူးစိုက်စိုက်ကြည့်မိ၏။ ဒေါသလည်း ထောင်းကနဲ။

 

ကျနော်ပြန်ထွက်မည် အပြု လူအုပ်ထဲက တ ယောက်က ကျနော့်နာမည်ခေါ်ကာ “မ…. သွားတော့မလို့လား” ဟု သူက ပြုံးလျက်သားအတိုင်း မေး၏။ သူ့မျက်နှာကား အရူး အမဲသား စားထားရသည့်နှယ်။ သူ့မျက်လုံးတွေက ကျနော့်ကို “ကြုံတုန်းလေး လွှေးသွားပါဦး” ဆိုသည့်သဘော။ ကျနော်ကား ဘာမှပြန်မဖြေ။ “စောက်ရူးတွေ xီးလို လုပ်နေကြတယ်” ဟုသာ ပြောနိုင်၏။

 

အများနှင့်တယောက်လိုဖြစ်နေသည်။ ကျန်သူများကလည်း အေးအေးလူလူ။ ကျနော်ပြန်ထွက်မည်အပြု ပုံစံထောက်လျက်သား ကောင်မလေးနှစ်ယောက်၏ ဝမ်းဗိုက်ကို တယောက်က ခြေထောက်လွှဲကာ ကန်ထည့်လိုက်၏။

 

“အဲဒီလိုမဟုတ်ဘူး ရှင်းပြမယ်” ၎င်းတို့ထဲက တ ယောက်၏ စကားသံပင်။ ဖြတ်ကန်လိုက်သူ၏ အမေးကိုတော့ ကျနော် မကြားလိုက်၊ တဖက်က အသည်းအသန် ရှင်းပြလိုသည်ကိုသာ သတိထားမိ၏။ ထိုကောင်မလေးမှာ စကားပင် မဆုံးလိုက် ခွေးဘီလူးတကောင်၏ ကန်ချက်ကြောင့် ရှေ့သို့ အနည်းငယ်ငိုက်သွား၏။ ၎င်းနောက် ပုံမှန်အတိုင်းပြန်နေကာ ခေါင်းကို ငုံ့မြငုံ့ထား၏။ နောက်ထပ် ဖလံလောက်သာရှိသည့် ကောင်မလေးက သူ့ကိုယ်ပေါ်အုပ်မိုးကာ လွှေးပြန်၏။

 

အလွှေးခံရသူကား အသံလည်း မထွက် ဘာမှပြန်မလုပ်နိုင်ပေ။ ပိုးဖလံသာသာ ကောင်မလေးကား

တ ယောက်ထဲနေလျှင် အမြဲလို စိတ်ဓာတ်ကျနေသူသာဖြစ်ပြီး ယခုဂျက်ကီတို့အုပ်နှင့်လည်း သိပ်အစေးမကပ်လှ။ ပုံစံထောက်လျက်သား နောက်ထပ်ကောင်မလေးတယောက်ကိုကား ဂျက်ကီကိုယ်တိုင် ရယ်လျက်လွှေးရင်း သဘောတွေ့နေပုံရသည်။ ၎င်းကား ရှိုက်လျက် တောင်းပန်တိုးလျှိုနေ၏။ အသံပင် ကောင်းစွာ မထွက်နိုင်ပဲ ရှိူက်သံသာပဲ့တင်နေ၏။

 

ထိုအခန်းက ပြန်ထွက်လာပြီးနောက် ကျနော့် မျက်နှာသည် အတော် သုန်မှုန်သွား၏။ အလယ်ခန်း တံခါးနောက်နားတွင် ကျနော်တို့ထိုင်နေစဥ်က ကျနော်နှင့်အတူ စကားအတူပြောနေသည့် ကောင်မလေးတွေထဲက တယောက်က စောင့်နေ၏။ ကျနော်က ခြေလှမ်းခပ်ကျဲကျဲနဲ့ လျှောက်သွားတော့ သူက နောက်တွင် ခပ်သုတ်သုတ်လိုက်လာ၏။ ကျနော့်နေရာသို့ ပြန်ရောက်မှ ကျနော်တို့ စကားကောင်းကောင်းပြောဖြစ်ကြသည်။ မြင်ရသည့် မြင်ကွင်းကြောင့် လူကထူနေ၏။ ရေကိုပင် လည်ချောင်းအတွင်းသို့ ထိုးလောင်းလိုက်၏။ “စောက်ပုံမလာဘူးဗျ၊ အခုဒီကောင်တွေက တေးထားတဲ့ တခြားအကြောင်းအရာတွေနဲ့ပါ စုပြီးလုပ်တာ၊ မွန်းကျပ်တာတွေ များတာနဲ့ပဲဗျာ ဂွင်တွေ့တာနဲ့ ဝင်လှော်နေတာ” ကျနော်က စလိုက်၏။

 

ဘေးက ကျနော်နှင့် စကားပြောနေသည့် သူများကလည်း သို့ကလိုသာဖြစ်ကြောင်း ဖြောင့်ချက်ပေးကြ၏။ အလွှေးခံရသည့် နှစ်ယောက်ထဲက တယောက်က ယခင်ကတည်းက တ ဆောင်လုံးနှင့် တည့်သူဟူ၍မရှိ၊ ၎င်းနှင့် ပနံသင့်သူကား ယခု သူ့တွဲဘောပင်။ ကျနော်နှင့်ကား အဆင်ချောသည့် အခြေအနေမဟုတ် တောင်၊ စကားပြောစရှိ၏။

 

“ဟုတ်တယ်၊ အခုက သူတို့ပြေးလို့ အခွင့်အရေးပိတ်မယ်လို့သာ ကြိမ်းနေတာ တကယ်က အရင်ဟာတွေကို ချီးခြောက်ရေနူးနေတာ”

 

တခါတခါ ၎င်းတို့ညည်းညူသံကား က ကျနော်တို့စကားပြောနေသည့် နေရာသို့တိုင် ပျံ့နှံ့လာသည်။ ဂျက်ကီမှာ ရေလာသောက်လိုက် ပြန်လွှေးလိုက်နှင့် အတော်ကို ဟန်ကျနေပုံပဲ။

 

ကျနော်လည်း စိတ်ခပ် ပေါက်ပေါက်ရှိသည်နှင့် “ဟဲ့…. အတော်အဆင်ပြေနေတယ် ဟုတ်လား၊ ငါကြုံမှ နင့်သောက်ခွက်ကို စသလိုနဲ့ လာထိုးပြဦးမယ်” ဟုလှမ်းအော်လိုက် သော်လည်း ဂျက်ကီကား အေးအေးဆေးဆေး ဖုန်ခါရင်း အမြှီးရမ်းပြီး  ၎င်းအခန်းသို့ပင် ပြန်ထွက်သွား၏။

 

သို့ကလို ရေလာသောက်လိုက် ပြန်လွှေးလိုက် လုပ်နေသူများက အတော်ပင် များများစားစား။ ၉ နာရီ ကျော်ချေပြီ။ ၎င်းတို့ စားခွက်လျက်ခြင်းကား ထိုအချိန်မှ ပြီးဆုံး၏။ အဆောင်ဆရာမက ၎င်းပဲ ပါပစ်ပေးကာ ယခုကျ ပုံလျက်သားကျနေသည့် ကောင်မလေးနှစ်ယောက်ကား ရွှေပြည်အေးတရားဟောနေပြန်၏။

 

ကျနော်နေ့စဥ် ဘုရားဝတ်ပြုနေ ချိန််ဖြစ်သည့် ၁၀ နာရီကျော် လောက်ထိမပြီးသေး၊ နောက်နားက ဂျက်ကီတို့၊ အောင်နက်တို့ အုပ်စုမှာလည်း (ဘာမှ ပြန်မလုပ်နိုင်သူတွေကို) သူတို့ ဘယ်လိုကန်ခဲ့ကြောင်း၊ ဘယ်လိုရိုက်လို့ ဘယ်လိုနှာခေါင်းသွေးထွက်ခဲ့ကြောင်း၊ အာပေါင်အာရင်းနှင့် အုပ်စုဖွဲ့ပြီး ရယ်ကာ မောကာပြောနေ၏။

 

ကျနော်၏ “ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ” ဆုတောင်းသံကို ကျော်လွန်ရင်းပင် အသံများပိုဆူလာ၏။ ၁၁ နီးပါးလောက်ကျတော့ ၎င်းတို့ ၂ ယောက် ပြန်လာကြ၏။ တယောက်က ကျနော့်ဘေးတွင် အိပ်သည်ဖြစ်၍ သူလာလျှင်တော့ လိမ်းဆေး၊ သောက်ဆေးနဲ့ မုန့် ဒါတွေပေးဖို့ ကျနော်တို့ ကြံဖန်ကြ၏။

 

ဆေးများသည် ကျနော်တို့တွင် အလွယ်မရှိ၊ ပါဆယ်လာလျှင် ပါသည့် ဆေးများကို ရုံးခန်းက သိမ်းထားကာ နေမကောင်းဖြစ်ပါက သူတို့ခေါ်မှ သွားပြီး ဆေးတောင်းရသည်။ သို့နှင့်ကြောင့် အရေးကြုံက သုံးနိုင်ရန် ဆေးများကို တခါတလေ  တခွက်စာချန်ကာ  ကျနော်တို့ သိမ်းထားတတ်ကြသည်။

 

ပေးစရာရှိသည်များပေးလိုက်သည်။ ၎င်းအဝတ်အစားလဲပြီးကာမှ  “ဒါက အမောက်ဆလင် နည်းနည်းပြင်းတယ်၊ ဒါက ပိုးသတ်ဆေး၊ ဒါက စီထွင်း၊ ဒါက အကိုက်အခဲပျောက်ဆေး၊ ဒါက ဆရာခို စောစောအိပ်ဦးဗျ” ဟုဆိုကာ ပေးပြီးမှ သူ့ဘက်က တောင်းပန်သံ ပေါက်နေသည့် “ကျေးဇူးတင်ပါတယ်” ဆိုသည်ကား ထွက်လာ၏။

 

ကျနော့်ကို မကြည့်ပဲ မျက်နှာလွှဲရင်း ကျနော်ပေးသည်များကို သူထုတ်စားနေ၏။ ပါးမို့တို့သည်လည်း ရဲတက်ကာ ယောင်လျက်သား။ ကျနော့် စိတ်ထဲတွင် တခုခု ကျန်နေရစ်သည်။ ဘာမှန်းတော့မသိ။ ကျနော်စာထိုင်ရေးနေစဥ်အတွင်း စောင်ကို ခေါင်းထိ လုံအောင်ခြုံပြီး သူ့ကိုယ်ကား တသိမ့်သိမ့်တုန်နေ၏။ အောင်နက်တို့၊ ဂျက်ကီတို့ အုပ်စုကား တလောကလုံးကို အနိုင်ရသလို အားလုံးကို မေ့မေ့ပျောက်ပျောက်၊ ရည်းစားနှင့် ဖုန်းအဆက်အသွယ်ရခြင်းကို ကျယ်ကျယ်လောင် လောင်စားမြုံ့ထနေ၏။

 

ကျနော်တို့ ယခင်သင်တန်းကျောင်းတွင်ကား ကျနော်တို့က ရောက်နှင့်ပြီး ဖြစ်သည့်တိုင် ကျနော်တို့ ထိန်းသည့်ပုံစံကား မင်းတို့လုပ်ချင်တာလုပ်၊ ငါတို့လည်း လုပ်ချင်တာလုပ်ဆိုသည့်ပုံစံပင်၊ အချင်းချင်း ကျပ်တည်းအောင်တော့ မလုပ်နှင့်ဟုသာ ပြောထားဆိုထား၏။ အချင်းချင်း ကျပ်တည်းအောင်လုပ်လို့ ဝင်လွှေးဖို့ဆိုသည်မှာဝေလာဝေး ထမင်းစားဆောင်တွင် ဗျူရိုကရက်တွေကို ဘယ်လို ချောင်းရိုက်ရမလဲဟုသာ တွေးကြ၏။ အရင်ရောက်သူများက ဗျူရိုကရက်လုပ်မလားဟု ကြည့်တော့လည်း ကျနော်တို့က တုတ်တုတ်မျှမလှုပ်။ ဒီနည်းနှင့်သာ အဆင်ပြေခဲ့သည်။

 

ယခုတော့ကား သင်တန်းကျောင်းဝန်ထမ်းဗျူရိုကရက်များ ကို ဘုရားထင်သူများ၏။ ၎င်းတို့ကား အုပ်စုမဖွဲ့ပဲ တကိုယ်တည်းဆိုလျှင် ထမင်းထဲ ခဲလုံးပါတာကအစ ဝမ်းနည်းနေကြသူများပင်။ Mob Mentality ၏ လက်သည်ကားဗျူရိုကရက်များနှင့် ၎င်းတို့ လက်ကိုင်တုတ်များပင်။

 

(လုံခြုံရေးအခြေအနေအရ ထိခိုက်လွယ်သည့်အချို့အချက်များနှင့် အချက်အလက်အချို့ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါ)