စစ်ကောင်စီနဲ့ တကျော့ပြန် တိုက်ပွဲတွေမှာ အသာရခဲ့တဲ့အပေါ် AA ထုတ်ပြော
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တကျော့ပြန် တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ အားနည်းချက်ကို အပြည့်အဝ ရယူနိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး တစ်နှစ်ပြည့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးပါတယ်။
အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ထိုးစစ်စတင်ခဲ့ပြီး ယမန်နေ့ တစ်နှစ်ပြည့်တဲ့နေ့အထိ တိုက်ပွဲ ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ကြားကနေ ပလက်ဝဒေသ အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ဒီနှစ် ဇန်နဝါရီလမှာ ပလက်ဝဒေသတစ်ခုလုံးနဲ့ ပေါက်တော၊ ဖေဖော်ဝါရီလမှာ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး၊ မတ်လမှာ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနဲ့ ရသေ့တောင်၊ မေလမှာ ဘူးသီးတောင်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် လေးလအကြာ စက်တင်ဘာလမှာတော့ သံတွဲမြို့ကို သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
သိမ်းပိုက်ရရှိထားတဲ့ မြို့တွေမှာ စားဝတ်နေရေးနဲ့ ပြည်သူ့ဝန်ဆောင်ရေး လုပ်ငန်းတွေ လိုအပ်ချက်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုထားပြီး အဲဒီ လိုအပ်ချက်တွေကို အနှေးနဲ့အမြန် ဖြည့်ဆည်းပေးမယ်လို့ AA က ကတိပြုထားပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်ပြည်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် တိုက်ခိုက်နေရာမှာ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တွေကို အပြီးသတ်သိမ်းပိုက်ဖို့ လက်တစ်ကမ်းအလိုသာ ရှိတော့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မောင်တောမြို့ကို သိမ်းပိုက်ထားပြီး မောင်တောတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီနယ်ခြားစောင့်တပ် နခခ-၅ ကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲပဲလို့ သိရပါတယ်။
အမ်းမြို့နယ်မှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရှိ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၃၇၃၊ အမြောက်တပ် အမတ-၃၇၄၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ လလစ-၇၅၇၊ လက်နက်ပစ္စည်းတပ်ခွဲ စနခ-၃၄၅၊ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း တသစ-၈၊ အမှတ် ၂ ခုတင် ၃၀၀ တပ်မတော် စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ် စရဖတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာရက္ခတပ်တော်အနေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရရှိရေး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကိုလည်း ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ ဟန်ချက်ညီညီဆောင်ရွက်ခဲ့သလို ကရင်နီဒေသက ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ၁၁၁၁ စစ်ဆင်ရေးတို့နဲ့ အတူအရှိန်မြှင့် ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲကနေ မြို့သိမ်းတိုက်ပွဲတွေအထိ ဟန်ချက်ညီညီ ထိုးစစ်ဆင်နိုင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်မ၊ ဗျူဟာ၊ စကခဌာနချုပ်၊ ဒကစဌာနချုပ်နဲ့ တိုင်းစစ်ဌာနချုပ်တွေကို သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် AA အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေဟာ အတိုင်းအတာတစ်ခုအထိ အထမြောက် အောင်မြင်ခဲ့တယ်လို့ ဆိုထားပါတယ်။
တစ်နှစ်ကာလအတွင်း အသက်ပေးစွန့်လွှတ်ခဲ့ကြတဲ့ စစ်သည်တော်တွေ၊ ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့သူတွေအပြင် စစ်ဆင်ရေးကို ပုံစံအမျိုးမျိုးနဲ့ အထောက်အပံ့ပေးနေသူအားလုံးကို အာရက္ခတပ်တော် AA အနေနဲ့ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်