ပြင်ဦးလွင်မှာ ဒူးရင်းသီး အလုံး ၃၀ဝ၀ စတုဒိသာနဲ့ သစ်ပင်စိုက်ပွဲတော် ကျင်းပမယ်

Author အညာသား
Categories
Published on May 13, 2024

ပြင်ဦးလွင်မြို့၊ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး တောင်ပုလစေတီတော်မှာ ဒူးရင်းသီး အလုံး ၃၀ဝ၀ စတုဒိသာ ကျွေးမွေးလှူဒါန်းမှုနဲ့ သစ်ပင်စိုက်ပွဲတော်ကို မေလ (၂၅)ရက် စနေနေ့၊ မနက် ၉ နာရီခွဲမှာ စတင် ကျင်းပသွားမယ်လို့ တောင်ပုလ ဆရာတော်ဆီက သိရပါတယ်။

အခုလို ဒူးရင်းသီးစတုဒိသာအလှူကို အရင်နှစ်ကလည်း ကျင်းပပြုလုပ်ခဲ့ပြီး အခုနှစ်က ဒုတိယအကြိမ်ပါ။ ဒီနှစ်တော့ ထူးထူးခြားခြား သစ်ပင်စိုက်ပွဲတော်ကိုလည်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ ဒူးရင်းသီးစတုဒိသာပွဲတော်မှာ တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေရေး အစီအစဉ်လည်း ပါဝင်မယ်လို့ တောင်ပုလု ဆရာတော်က မိန့်ကြားပါတယ်။

သစ်ပင်စိုက်ပျိုးပွဲတော်အတွက် စစ်ကောင်စီ သစ်တောဦးစီးဌာနက ခရေပင် ၅၀ဝ ၊ ကံ့ကော်ပင် ၇၀ဝ ၊ ငုဝါပင် ၅၀ဝ၊ သစ်ပိတောက်ပင် ၅၀ဝ၊ ထောက်ကြံ့ပင် ၅၀ဝ၊ ကညင်ပင် ၁၀ဝ၀၊ အင်ကြင်းပင် ၁၅၀ဝ၊ မဟော်ဂနီပင် ၁၅၀ဝ လှူဒါန်းထားရှိတယ်လို့ ဆိုပါတယ်။

တောင်ပုလစေတီတော်မှာ ရာသီအလိုက် မကြာခဏဓာတ်ပုံပြိုင်ပွဲတွေ ကျင်းပပြုလုပ်လေ့ရှိသလို ပြီးခဲ့တဲ့ ဒီနှစ်သင်္ကြန်မှာလည်း ဖိတ်ခေါ် ရှုခင်းအလှဓာတ်ပုံပြိုင်ပွဲ ထည့်သွင်းကျင်းပတာမျိုးလည်း လုပ်ခဲ့ပါတယ်။

 

တောင်ပုလတောင်ကို ပြင်ဦးလွင်မြို့ကနေ ၄၅ မိနစ်လောက် ကား၊ ဆိုင်ကယ် တစ်ခုခုနဲ့ သွားရောက်နိုင်ပါတယ်။ ပိတ်ချင်းမြှောင်ဆိုင်းဘုတ်အကျော် ဖိုးနေဒွန်းရွာလမ်းအတိုင်း ဘုရားကိုးဆူအကျော်ကနေ မြင်ရတဲ့တောင်ဖြစ်ပြီး ရွာခံတွေကိုမေးမြန်းပြီးလည်း သွားရောက်နိုင်ပါတယ်။

 

တောင်ပုလတောင်ပေါ်မှာ သဘာဝပန်းခြံရှိသလို တောင်ပုလ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်ရှိပြီး တောင်ပေါ်ကနေမြင်ရတဲ့ သဘာဝအလှရှုခင်းတွေ လှပတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Related News

Depend on news