ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ(အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်နေ့အထိ)

Author ကိုထားဝယ်
Categories
Published on Oct 13, 2024

“ကြာကြာအကျမခံတဲ့ စက်သုံးဆီ”

 

ပြီးခဲ့တဲ့အပတ်ထဲ စက်သုံးဆီဈေးတွေ ကျဆင်းခဲ့ပေမဲ့ ချက်ချင်းဆိုသလို ဒီတစ်ပတ်ထဲမှာ ပြန်လည်မြင့်တက်လာပါတယ်။

 

ဒီတစ်ပတ် အောက်တိုဘာလ ၁၁ ရက် သောကြာနေ့မှာ စက်သုံးဆီအမျိုးအစားအားလုံး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒီဇယ်ဈေးတွေဟာ တစ်လီတာ ၁၅ ကျပ်နဲ့ ၄၀ ကျပ်ပဲကျခဲ့ပေမဲ့ ဒီတစ်ပတ်တက်ချိန်မှာတော့ ဒီဇယ်တစ်လီတာကို ၁၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၁၅၀ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။

ဒီတစ်ပတ်ထဲ အောက်တိန်း 92 တစ်လီတာကို ၁၄၅ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၁၅၅ ကျပ်အထိ မြင့်တက်လာပါတယ်။

 

ဩဂုတ် ဒုတိယပတ်အတွင်းကစလို့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်းအထိ ရက်ပိုင်းပဲခြားပြီး စက်သုံးဆီလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဒေါ်လာ၊ ယွမ်နဲ့ ဘတ်တွေ သန်းနဲ့ချီထုတ်ရောင်းပေးခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်နဲ့ ပြီးခဲ့တဲ့အပတ်တွေထဲမှာတော့ ရောင်းချပေးတာမျိုး စစ်ကောင်စီဗဟိုဘဏ်ဘက်က ထုတ်ပြန်တာ မတွေ့ရပါဘူး။

 

ဒါကြောင့် ချက်ချင်းဆိုသလို စက်သုံးဆီဈေးတွေအားလုံး တစ်လီတာ ရာနဲ့ချီပြီး ပြန်တက်လာတာဖြစ်ပါတယ်။

 

နောက်ပြီး စက်သုံးဆီ ဝယ်ယူခွင့်အတွက် စမတ်ကတ်စနစ်နဲ့ ထိန်းချုပ်ရောင်းချပေးဖို့ စက်သုံးဆီဩဇာခံ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက စီစဉ်နေပါတယ်။

 

ဒါကို ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ အရင်ဆုံးစမ်းလုပ်ဖို့ စက်သုံးဆီအသင်းက စီစဉ်နေတာဖြစ်ပါတယ်။ စက်သုံးဆီတွေ အကြိမ်များများထုတ်ယူပြီး မှောင်ခိုဈေးကွက်ထဲ ပြန်ရောင်းတာကို တားဆီးဖို့၊ ဆီပြတ်လပ်တာ၊ တန်းစီဝယ်ယူတာတွေကို ဖြေရှင်းနိုင်ဖို့လို့ ဆိုထားပါတယ်။

 

ဒီတစ်ပတ် ရန်ကုန်မြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၉၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၄၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာ ၃၃၀၅ ကျပ်ဈေးရှိပါတယ်။

 

Source – Myanmar Market Price