မန္တလေးဈေးချိုတော် သင်္ကြန်တွင်း တစ်ပတ်ပိတ်မည်၊ မီးခလုပ်များသေချာပိတ်ခဲ့ရန်သတိပေး

Author အညာသား
Categories
Published on Apr 12, 2024

သင်္ကြန်တွင်းကာလ မန္တလေးဈေးချိုတော်ကို ဧပြီ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိပိတ်ထားမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့က ထုတ်ပြန်သည်။

 

ဈေးချိုတော်နှင့် တိုက်တန်းကြီးကို သင်္ကြန်တွင်း ရုံးပိတ်ရက်အဖြစ် ပိတ်ထားချိန်တွင် ဈေးသူဈေးသားများအနေဖြင့် ပစ္စည်းများ သေချာသိမ်းဆည်းခဲ့ရန်၊ လျှပ်စစ်မီးအန္တရာယ်မဖြစ်ပေါ်စေရန်နှင့် မီးခလုတ်များ စစ်ဆေးပိတ်ခဲ့ရန် ဈေးအကျိုးတော်ဆောင်အဖွဲ့က သတိပေးသည်။

 

ဧပြီ ၁၉ ရက်တွင် ဈေးများအားလုံးပုံမှန်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“သင်္ကြန်တွင်းပိတ်ရက်ကတော့ ပုံမှန်ပါပဲ။ အခုရက်ပိုင်း မန္တလေးမှာ မီးလောင်မှုတွေမကြာခဏဖြစ်နေတော့ ဆိုင်ရှင်တွေအနေနဲ့ လျှပ်စစ်မီးခလုတ်တွေ သေချာပိတ်ဖို့မှာတာတော့ရှိတယ်။ ဟိုအရင်တုန်းကဆိုရင်တော့ ဒီလို အခါရက် သင်္ကြန်မတိုင်ခင်မှာ အရောင်းအဝယ်တွေတအားကောင်းတယ်။ ကိုဗစ်ကာလနဲ့ အာဏသိမ်းပြီးနောက် အရောင်းအဝယ်က အရင်လိုမဟုတ်တော့ဘူး” ဟု ဈေးချိုတော်ရှိ အဝတ်ထည်ရောင်းချသူ ဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။

 

စစ်အာဏာသိမ်းမှုနောက်ပိုင်း မန္တလေးအနီးဝန်းကျင် အညာဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးရှောင်ခြင်းများ၊ စိုက်ပျိုးရေးမလုပ်နိုင်သည့် ကျေးရွာဒေသများ တဖြည်းဖြည်း များပြားလာခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့မှုမရှိခြင်းများ စသည့်အခြေအနေများကြောင့် မန္တလေးဈေးချိုတော်အရောင်းအဝယ်ဈေးကွက်မှာ ယခင်ကာလများထက် ကောင်းမွန်မှုမရှိကြောင်း သိရသည်။

 

“မန္တလေးအနီးဝန်းကျင်နယ်တွေမှာ စစ်ဖြစ်နေတော့ ရွာတွေဘက်မှာ စီးပွားရေးမကောင်းကြဘူး။ နယ်ဘက်တွေစီးပွားရေးကောင်းပြီး အလှူအတန်းတွေပေါမှ ဈေးချိုတော်အရောင်းအဝယ်ကလည်းကောင်းတာ” ဟု လူသုံးကုန်ပစ္စည်းရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

မန္တလေးဈေးချိုတော်သည် အထက်မြန်မာဒေသရှိ မြို့နယ်ဒေသများ၏ အဓိကအားထားရာ ဈေးကြီးတစ်ခုဖြစ်ပြီး ဈေးရုံ (၈) ရုံနှင့် ဆိုင်ခန်းပေါင်း (၃၂၀ဝ) ကျော်ရှိကာ အညာဒေသရှိ စိုက်ပျိုးရေး၊ စီးပွားရေးအခြေအနေပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရလေ့ရှိသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်