ငလျင်ဒဏ်သင့် ဒေသအတွက်လို့ဆိုကာ စစ်ကောင်စီက ဆန်စက်ပိုင်ရှင်နဲ့ ကုမ္ပဏီတွေကို ဆန်လှူခိုင်းနေ

Author CJ Platform
Categories
Published on Apr 12, 2025

ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားပြီးနောက် ငလျင်ဘေးဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် စစ်ကောင်စီက ဆန်စက်ပိုင်ရှင်တွေကို ဆန်လှူခိုင်းခဲ့တယ်လို့ ဆန်စက်ပိုင်ရှင်တွေက ပြောပါတယ်။

 

အဲဒီလို လှူဒါန်းခိုင်းရာမှာ ဆန်စက်ပိုင်ရှင်များအသင်းက ဆန်စက်အကြီးအသေးလိုက် ခွဲတမ်းချ ကောက်ခံပေးရတာဖြစ်ပြီး ရေဘေးဖြစ်တုန်းကလည်း အခုလိုကောက်ခံခဲ့တယ်လို့ သိရပါတယ်။

 

“ မဖြစ်မနေထည့်ရမှာ ငါးပုံစက်အသေးလေးတွေကစပြီး ကုမ္ပဏီတွေအထိ ကောက်တာ။ အပြောကတော့ လှူခိုင်းတာပေါ့ စေတနာရှိသလောက်မဟုတ်ဘဲ ခွဲတမ်းနဲ့ပေးရတာဆိုတော့ အလှူခံတာလို့ ပြောလို့မရဘူး “ လို့ ဧရာဝတီတိုင်းမှာရှိတဲ့ ဆန်စက်ပိုင်ရှင်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် ဆန်စက်တွေအနေနဲ့ တစ်နေ့ကို ဘယ်လောက်ကြိတ်ရတယ်ဆိုတာကို နေ့စဉ်စာရင်းပေး ရတယ်လို့လည်း သူကဆက်ပြောပါတယ်။

 

စစ်ကောင်စီက ငလျင်ဒဏ်သင့်ဒေသတွေကို လှူဒါန်းနိုင်ဖို့ဆိုပြီး ကောက်ခံရာမှာ ငါးပုံစက်အသေးကို ၅ အိတ်၊ ၁၀ တန်နဲ့အထက်စက်တွေကို ၁၀ အိတ်၊ တန် ၅၀ နဲ့အထက်စက်တွေကို အိတ် ၃၀ ကောက်ခံပြီး တန်တစ်ရာစက်တွေပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေကို ဆန်စက်တစ်လုံးကို အိတ် ၁၀၀ ကောက်ခံတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့နှစ် ရေဘေးဖြစ်စဉ်တုန်းကလည်း စစ်ကောင်စီက အခုလိုမျိုးအတင်းကောက်ခံတာမျိုးရှိပြီး တချို့ဆန်စက်တွေက အရည်အသွေးမပြည့်မီတဲ့ ဆန်တွေကိုသာ လှူဒါန်းကြတယ်လို့ သိရပါတယ်။

 

“ စေတနာမပါတော့ အကောင်းမပေးကြတော့ဘူး။ အများစုက ဆန်ကြမ်း ဆန်ညံ့တွေပဲပေးတာပေါ့။ ကျွန်တော်တို့မြို့က ဆန်စက်ဥက္ကဌဆို လုပ်ချင်တဲ့သူကို ငွေအလိုက်ပေးမယ်တောင်ပြောတာ လူကြီး ခဏခဏ လာလွန်းလို့။ လတိုင်းမနည်းကုန်နေတာ “ လို့ ဒီအကြောင်းသိရှိသူ ဧရာဝတီတိုင်း ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိမှာ စပါးဈေးကွက်ထဲ အခုနွေစပါးဈေးအပြင် ပြီးခဲ့တဲ့ မိုးစပါးဈေးနှုန်းတွေပါ ဈေးနှုန်းကျဆင်းနေကာ ဝယ်ယူသူလည်း မရှိသလောက်ဖြစ်နေပြီး လယ်သမားတွေအနေနဲ့ ကိုယ်ပိုင်လယ်ကထွက်တဲ့ စပါးတွေကိုကြိတ်ပြီး နီးစပ်ရာကို ပြန်ရောင်းချနေတာတွေရှိတယ်လို့ သိရပါတယ်။

 

အခုနှစ်မိုးစပါးရာသီအတွင်း ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် လယ်သမားတွေအနေနဲ့ စပါးအထွက်နှုန်း နည်းခဲ့သလို နွေစပါးရာသီမှာလည်း စပါးအထွက်ကောင်းပေမဲ့ စပါးဈေးအင်မတန်ကျဆင်းနေတာ ကြောင့် အဆင်မပြေမှုတွေရှိနေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်