စစ်ကိုင်းနဲ့ မကွေးမှာ ဧရာဝတီမြစ်ရေတက်တာကို တားနိုင်ဖို့ နည်းဟောင်း သဲအိတ်ဖို့

Author အညာသား
Categories
Published on Jul 11, 2024

စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေတက်တာကို တားဆီးနိုင်ဖို့ အရေးပေါ်နည်းလမ်းဟောင်းဖြစ်တဲ့ သဲအိတ်တွေဖို့နေကြတယ်လို့ သိရပါတယ်။

 

ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိနေတာကြောင့် ကမ်းနားလမ်း တာရိုးရေတိုက်စားပြီး မကျိုးအောင် သဲအိတ်ဖြင့် တားဆီးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

 

စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်၊ ပိုးတန်းရေစက်အနီး ကျောက်စီရေထိန်းနံရံများ ရေတိုက်စားမှုကြောင့် ကျိုးပေါက်မှုမဖြစ်စေရေး စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီခွဲမှာ သဲအိတ်တွေနဲ့ ဆည်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

“လောလောဆယ်တော့ မြစ်ရေဝင်နေကျ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်လို့ ရွှေ့ပြောင်းနေရတာပေါ့။ စစ်ကိုင်းတံတားတောင်ဘက် ကမ်းနားတစ်လျှောက် အနိမ့်ပိုင်းနေရာတချို့ကို သဲအိတ်ဖို့တာဖြစ်မယ်။ တံတားမြောက်ဘက် စစ်ကိုင်း-မင်းကွန်း ကမ်းနားလမ်းမှာတော့ ရေကျော်နေကြနေရာတွေ ရေစကျော် နေပြီ ” လို့ စစ်ကိုင်းမြို့ခံ ထုံးဘိုရပ်ကွက်မှာနေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပေမဲ့ စစ်ကောင်စီမိုးဇလဌာနရဲ့ ဒီနေ့ မနက်ပိုင်းတိုင်းထွာချက်အရ ၁၁၉၆ စင်တီမီတာရှိတယ်လို့ သိရပါတယ်။

 

ဒါဟာ ပေအားဖြင့် စိုးရိမ်ရေ အမှတ်ထက် တစ်ပေခွဲခန့် ကျော်လွန်နေသလို နောက်တစ်ရက်အတွင်း သုံးလက်မခန့်ထပ်မံမြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အလားတူ မကွေးတိုင်း၊ ပခုက္ကူခရိုင် ရေစကြိုမြို့မှာလည်း ဧရာဝတီမြစ်ရေမြင့်တက်ပြီး မြေနိမ့်ပိုင်းရှိ အမှတ် ၄ ၊ ၆ နဲ့ ၇ ရပ်ကွက်များထဲ မြစ်ရေဝင်ရောက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဒါကြောင့် အိမ်ထောင်စုများကို ရေစကြိုမြို့ နယ်မီးသတ်စခန်းမှ အရေးပေါ်ပြောင်းရွှေ့ပေးနေတဲ့အပြင် တာတမံများ မကျိုးစေရေး ရေကာတာတစ်လျှောက် သဲအိတ်များဖြင့် ဒီနေ့မနက်ပိုင်းကစပြီး တားဆီးနေကြောင်း သိရပါတယ်။

 

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရုံးကြီးရပ်ကွက် သလ္လာဝတီဆိပ်မှာ ချင်းတွင်းမြစ်ရေမြင့်တက်လာလို့ တာဘောင်ရေစိမ့်ဝင်နေတာကြောင့် မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပြီး သဲအိတ်ချခြင်းနဲ့ သဲဖို့ခြင်းလုပ်ငန်းတွေကို ဒီနေ့ နေ့လယ် ၃ နာရီလောက်က ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

ဧရာဝတီမြစ်ရေဟာ ဇူလိုင် ဒုတိယ(၁၀)ရက်ပတ်အတွင်း ပခုက္ကူ၊ညောင်ဦး၊ချောက်မြို့၊မင်းဘူးမြို့နဲ့ မကွေးမြို့တို့မှာ တစ်ပေခွဲခန့်မှ သုံးပေခွဲခန့်နဲ့ မြစ်ကြီးနား၊ဗန်းမော်၊ရွှေကူ၊ကသာ၊သပိတ်ကျင်း၊မန္တလေး၊ စစ်ကိုင်းနဲ့ မြင်းမှုမြို့တွေမှာ ငါးပေမှ ကိုးပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်တယ်လို့ ဒီနေ့မှာ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ-MFSD

 

ပုံစာ – စစ်ကိုင်းကမ်းနားလမ်း တာရိုးကို သဲအိတ်ဖို့ခြင်းများ ဆောင်ရွက်နေမှုကို တွေ့ရစဉ်