သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်ရှိ စစ်ဘေးရှောင်နေအိမ်နှင့် စျေးဆိုင်များ ဖောက်ထွင်းခံရ

Published on Apr 11, 2024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်မြို့တို့တွင် စစ်ဘေးရှောင်နေအိမ်များအပါအဝင် စျေးဆိုင်အချို့ရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 

မတ်လ ၄ ရက်မှစ၍ သင်္ဃန်းညီနောင်တွင် တိုက်ပွဲများဖြစ်ပွားမှုပြင်းထန်လာချိန် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသည့်အတွက် ဖုန်းဆိုင်အပါအဝင် နေအိမ်များ ဖောက်ထွင်းခံရသည်ဟု မြဝတီမြို့ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

“ ဖုန်းဆိုင်ထဲက ဖုန်းနဲ့ တန်ဖိုးရှိပစ္စည်းတွေတော့ ကဲ့ထုတ်နိုင်ခဲ့ပေမဲ့ အပိုပစ္စည်းတွေ တချို့တစ် ဝက်ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ တခြားအသုံးအဆောင်တွေကိုလည်း ယူကြတာပေါ့။ သင်္ဃန်းညီနောင်က အိမ်တော်တော်များများ ဖောက်ထွင်းခံရတယ်လို့ ကြားရတယ်” ဟု အဆိုပါဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်လည်း စစ်ဘေးရှောင်နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများ၊ အသုံးအဆောင်များနှင့် မီးစက်များကို သူခိုးများနှင့် ရဲများကပေါင်း၍ ခိုးယူကာ ကော့ကရိတ်မြို့ပြင်ရှိ စျေးအချို့တွင် ပြန်လည်ရောင်းချခြင်းများရှိနေသည်ဟု ကော့ကရိတ်ဒေသခံများက ဆိုသည်။

 

မြို့ဝတီမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျက်ရှိသောကြောင့် မြဝတီမြို့ ခံများသည် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး အမှတ်(၁) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်

 

Related News

Depend on news