ကယန်းအမျိုးသားနေ့ကျင်းပရာ နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

Author CJ Platform
Categories
Published on Apr 11, 2025

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရာ သိကျိတ်ကျေးရွာ ကို စစ်ကောင်စီက ဧပြီ ၁၀ ရက် မနေ့ညက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကယန်းပြည်သစ်ပါတီက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

 

၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့ အခမ်းအနားကို သိကျိတ်ကျေးရွာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကျင်းပခဲ့တဲ့ ကွင်းပြင်ကို ည ၁၂ နာရီခန့်မှာ စစ်ကောင်စီက ပေါင် ၂၀၀ ဗုံးနှစ်လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ငလျင်ဘေးဒဏ်ကို အကြောင်းပြုပြီး စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတဲ့ အချိန်ကာလအတွင်း ကယန်းအမျိုးသားတို့ရဲ့ နေ့ထူးနေ့မြတ်အခမ်းအနားကျင်းပရာနေရာကို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်လိုက်တာဖြစ်တဲ့အပြင် တိုင်းရင်းသားလူနည်းစု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံ နှုန်းသတ်မှတ်ချက်တွေကို ဗြောင်ကျကျ ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ကယန်းပြည်သစ်ပါတီက ထုတ်ပြန်ချက်ထဲ ပြောဆိုလိုက်ပါတယ်။

 

ဒါ့အပြင် သိကျိတ်ကျေးရွာဟာ ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုစည်းဧရိယာအတွင်းဖြစ်လို့ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲစဉ်က သဘောတူညီချက်တွေကို အတိအလင်းချိုးဖောက်တာဖြစ်ပြီး ကိုယ်တိုင်ထုတ်ပြန်ထားတဲ့ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်ကို ကိုယ်တိုင်ချိုးဖောက် ကျူးလွန်ခဲ့တာကြောင့် ကယန်းပြည်သစ်ပါတီက စစ်ကောင်စီကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ် လို့လည်းဆိုပါတယ်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်မဲ့ဇုန်ဖြစ်တဲ့ ကယန်းကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာအပြင် အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုတွေကို စစ်ကောင်စီက အခုလိုမျိုး ထပ်မံပြုလုပ်ပါက ဖြစ်ပေါ်လာမယ့် ကိစ္စရပ်အားလုံးကို တာဝန်ခံမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲတုံ့ပြန်ပြောဆိုထားပါတယ်။

 

ကယန်းအမျိုးသားနေ့ ငွေရတုအခမ်းအနားကို မနေ့က ဧပြီလ ၁၀ ရက်နေ့က သိကျိတ်ကျေးရွာမှာ ကျင်းပခဲ့တာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ပြည်သူ ၅၀၀၀ ဝန်းကျင်ခန့်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

၂၀၀၁ ခုနှစ်တွင် ပန်ပက် (ကြလား)လူထုညီလာခံမှာ ပြန့်ကျဲနေတဲ့ကယန်းမျိုးနွယ်စုတွေကို ကယန်းဟူသော အမည်နာမ အောက်တွင် တစုတစည်းထဲစုစည်းနိုင်ခြင်း၊ ကယန်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ကယန်းအမျိုးသားနေ့အဖြစ် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

 

ကယန်းအမျိုးသားနေ့ကို ကယန်းအမျိုးသားတို့ရဲ့ နေ့ထူးနေ့မြတ်အဖြစ် ၂၀၀၁ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့ရာ အခုနှစ်ဟာ ၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Kayan New Generation Youth – KNGY