စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်တို့မှာ မိုးရွာနိုင် “ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Feb 11, 2025

“ရာသီဥတုအခြေအနေ”

 

ပြည်နယ်နဲ့ တိုင်းများအလိုက်၊ နေ့အပူချိန်တွေ အနည်းငယ်စီမြင့်တက်လာမှာဖြစ်ပြီး မနက်စောစော အပူချိန်တွေကတော့ ဆက်လက်ကျဆင်းနေမှာကြောင့် အေးနေဦးမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

လာမဲ့ ၄ ရက်အတွင်း ရန်ကုန်က မြို့နယ်အချို့မှာ နေ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ် အထိ ရှိနိုင်မယ်လို့ ခန့်မှန်းထားပြီး ကချင်ပြည်မှာသာ မိုးအနည်းငယ်ရွာနိုင်ပေမဲ့ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ မိုးရွာနိုင်ဘူး ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

“ညအပူချိန်များ”

 

ညအပူချိန်များမှာ ရခိုင်ပြည်မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၆ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ  ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ နေပြည်တော်နဲ့ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၆ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၅ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့နဲ့ ဟုမ္မလင်းမြို့တို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့နဲ့ မုံရွာမြို့တို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့မှာတော့ နေပြည်တော်မှာ ၂၁ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၂၀ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၂၀ ကနေ ၃၇ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကျိုင်းတုံမြို့၊ ထားဝယ်မြို့နဲ့ မကွေးမြို့တို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ပဲခူးမြို့နဲ့ ပုသိမ်မြို့တို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့နဲ့ ဘားအံမြို့တို့မှာ ၂၁ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

 

တနင်္သာရီတိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ် အနည်းငယ်ကနေ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် သာယာ ပါမယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ