စစ်တွေမြို့က ကျေးရွာ ငါးရွာကို စစ်ကောင်စီ နှင်ထုတ်

Author သုတ
Categories
Published on Dec 11, 2024

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြို့တော် စစ်တွေက ကျေးရွာ ငါးရွာမှာ နေထိုင်တဲ့ ဒေသခံတွေကို စစ်ကောင်စီက သုံးရက်အတွင်း ရွာကထွက်သွားဖို့ နှင်ထုတ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

စစ်တွေမြို့နယ်က နာရီကန်ရွာ၊ ကျားမသောက်ရွာ၊ သိန်းတန်ရွာ၊ ရာတန်ရွာနဲ့ ပျားလည်ချောင်းရွာက ဒေသခံတွေနဲ့ ကျေးရွာတာဝန်ရှိသူတွေကို စစ်ကောင်စီတပ်သားတွေက  ရွာက ထွက်သွားဖို့  ဒီဇင်ဘာလ ၈ ရက်နေ့မှာ လာရောက်ဖိအားပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတချို့ ပြောပါတယ်။

“ရွာမှာ လူက သိပ်မကျန်ဘူး။ အိမ်စောင့်အနေနဲ့ ကျန်ခဲ့သူအချို့ပဲ ရှိကြတာ။ အခုက တစ်ယောက်မှ ရွာမှာမထားတော့ဘူး။ အကြောင်းပြချက်မပေးဘဲစစ်တပ်က အကုန်နှင်ထုတ်နေတာ”လို့ စစ်တွေမြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်တွေခရိုင်အတွင်းက ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို AA က သိမ်းပိုက်ပြီးနောက် မေလ နဲ့ ဇွန်လကတည်းက အခုရွှေ့ပြောင်းခိုင်းတဲ့ ရွာတွေအပါအဝင် စစ်တွေမြို့နယ်က ရွာပေါင်း ၁၄ ရွာကို စစ်ကောင်စီက အတင်းအဓ္မနှင်ထုတ်နေတာပါ။

 

အခုအခါမှာတော့ အိမ်စောင့်ကျန်ခဲ့တဲ့ လူတွေကိုပါ မနေခိုင်းတော့ဘဲ ရွှေ့ပြောင်းခိုင်းနေတာဖြစ်ပါတယ်။

 

ကျေးရွာကနေ ထွက်ခွာသွားပါက ကိုယ့်အစီအစဉ်နဲ့ကိုယ် စစ်တွေမြို့ပေါ်နဲ့ တခြားကြိုက်နှစ်သက်ရာနေရာတွေမှာ ပြောင်းရွှေ့နေထိုင်နိုင်တယ်လို့ စစ်ကောင်စီက ပြောဆိုထားတယ်လို့လည်း စစ်တွေမြို့နယ်က ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

 

အခုလိုဒေသခံတွေကို နှင်ထုတ်နေတာဟာ စစ်တွေကို အာရက္ခတပ်တော် (AA) တိုက်ခိုက်လာပါက အဲဒီရွာတွေမှာ ခံစစ်ပြင်ဆင်မယ့် သဘောရှိနေလို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

“သူတို့ဝင်လာပြီးရင် ရွာတွေကနေ မောင်းထုတ်တာက ရှေ့မှာလည်း အများကြီးပဲ။ AA ရှိတယ်ဆိုတဲ့ သံသယနဲ့၊ ပြီးတော့ လုံခြုံရေး အမျိုးမျိုးအကြောင်းပြပြီး မောင်းထုတ်နေတာ။ အခုလည်း AA ကို ကြောက်လို့ မဆိုင်တဲ့ဒေသခံတွေကို မောင်းထုတ်နေတာ။ ဒေသခံတွေမရှိတော့ရင် အိမ်တွေကို ဖြိုပစ်တာတွေရှိတယ်။ ကျွန်တော်တို့ ရှေ့တင်ပါ”လို့ စစ်တွေမြို့နယ်ရှိ နောက်ထပ် ဒေသခံ တစ်ဦးက သူ့ရဲ့ အတွေ့အကြုံကို ပြောပါတယ်။

 

လက်ရှိမှာလည်း ကျေးရွာသားအများစု စစ်ဘေးရှောင်နေတဲ့အတွက် လူနေထိုင်ခြင်းမရှိတဲ့ ရွာထဲက အိမ်တချို့ကို စစ်ကောင်စီတပ်နဲ့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင် လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး ဖြိုဖျက်ရောင်းချတာတွေရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ကျေးရွာတွေကနေ နှင်ထုတ်ခံရတဲ့ ဒေသခံတွေဟာ ဆွေမျိုးတွေရဲ့နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ လမ်းဘေးနေရာတချို့မှာ တဲထိုးကာ နေထိုင်နေကြရပြီး နေထိုင်စားသောက်ရေး ခက်ခဲနေသလို ဆောင်းရာသီ အအေးဒဏ်ကို ကာကွယ်ဖို့ စောင်နဲ့အနွေးထည် အခက်ခဲတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဒါ့အပြင် စစ်တွေမြို့ ဒေသခံတွေကို တခြားဒေသတွေကို ထွက်ခွာခွင့် မပေးဘဲ လေကြောင်းကနေသာ ရန်ကုန်ကို ထွက်ခွာခွင့် ပေးတဲ့အတွက် ငွေကြေးမတတ်နိုင်တဲ့ ဒေသခံအများအပြားဟာ မြို့အတွင်း ပိတ်မိနေပါတယ်။

 

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) က မြို့တွေကို ဆက်တိုက်ဆိုသလို သိမ်းပိုက်နေတာကြောင့် စစ်ကောင်စီအနေနဲ့ AA လာရောက်တိုက်ခိုက်ပါက ပြန်လည်ခုခံဖို့ စစ်တွေမြို့မှာ လုံခြုံရေးတင်းကျပ်ထားပြီး မြို့ပတ်ပတ်လည်ကို ဝန်းရံပိတ်ဆို့ကာ ခံစစ်ကို အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။

အာရက္ခတပ်တော်( AA) က မောင်တောင်မြို့ကို အလုံးစုံသိမ်းပိုက်ရပြီးနောက် နောက်ထပ်စစ်ရေးပစ်မှတ်ဟာ စစ်တွေမြို့ဖြစ်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ- စစ်တွေမြို့၊ ကျားမသောက်၊ တောကန်၊ သိန်းတန်ကျေးရွာက ဒေသခံတွေ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို တွေ့ရစဉ်