သတင်းပေးကြောင့် ကျောက်တော်မြို့ ဗုံးကြဲခံရပြီး အရပ်သား ၄ ဦး သေဆုံးကာ ၂၀ ခန့်ဒဏ်ရာရ

Author သုတ
Categories
Published on Oct 11, 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားလေးဦး သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

ယမန်နေ့ အောက်တိုဘာလ ၁၀ ရက် ညနေ ၄ နာရီခန့်မှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ မီးစက်ကြီးခွဆုံလမ်းနဲ့ မြို့တွင်းရှိ အထက(၂)ကျောင်းအနီးတို့မှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

“သတင်းပေးတွေရဲ့ လက်ချက်ပါ။ AA ရှိတယ်ဆိုပြီး သတင်းပေးလို့ လာကြဲတာ။ စစ်တပ်က သတင်းမှားတာမှန်တာ ကြည့်တာမဟုတ်ဘူး။ အရပ်သားလား။ အေအေလား သူတို့မခွဲဘူး။ အကုန်ဗုံးကြဲနေတာ။ အခုလည်း အရပ်သားတွေနေထိုင်ရာ လူနေရပ်ကွက်ပါ။ အခုထိခိုက်ထားတဲ့ ဒေသခံတွေထဲမှာ စိုးရိမ်ရတဲ့လူနာတွေရှိသေးတယ်” လို့ ကျောက်တော်မြို့ခံ သတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

သေဆုံးသူတွေကတော့ ဦးကျော်သိန်းလှ(၅၃)နှစ်၊ ဦးမောင်ထွန်းနိုင်(၄၅)နှစ်၊ ဦးအေးကျော်(၄၃)နှစ်နဲ့ မသန္တာအေး(၁၈)တို့ဖြစ်ပါတယ်။

 

ထိခိုက်ဒဏ်ရာရသူတွေကတော့ ဒေါ်ဝေဝေတင် (၃၈) နှစ်၊ မချိုမြတ်မော် (၈) နှစ်၊ ဒေါ်ရီရီသန်း (၄၆) နှစ်၊ မနန်းသွယ်ခိုင် (၁၃) နှစ်၊ ကိုကျော်သူအောင် (၂၆) နှစ်၊ ဒေါ်မြတ်လဲ့လဲ့ငုံ (၃၅) နှစ်၊ မရွှေအိမ်သူ (၁၄) နှစ်၊ မနွယ်နွယ်ခိုင် (၂၄) နှစ်၊ ဒေါ်ခိုင်ဆန်းဝေ (၄၂) နှစ်၊ ဦးခင်မောင်လွင် (၅၂) နှစ်၊ ဒေါ်မချေ(၄၇) နှစ်၊ ဦးမောင်မောင်ချေ (၃၆) နှစ်၊ မောင်ခိုင်ကျော်လင်း (၆) နှစ်၊ ဦးထွန်းသိန်းလှ (၃၄) နှစ်၊ ဦးကျော်ဝင်း (၅၅) နှစ် နဲ့ ဦးဦးသန်း (၆၅) နှစ်တို့အပါအဝင် နောက်ထပ်အသေးစားဒဏ်ရာရရှိသူတချို့လည်းရှိတယ်လို့ သိရပါတယ်။

 

ဒဏ်ရာရရှိထားသူတချို့မှာ ပြင်းထန်တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့လည်း သိရပါတယ်။

ဂျက်ဖိုက်တာနဲ့လာရောက်ဗုံးကြဲခဲ့တာကြောင့် လူအများအပြားထိခိုက်သေဆုံးခဲ့ရသလို ကျော်ဇာလီအမှုန့်ကြိတ်စက်ရုံနဲ့ ပြိုင်စံရှားအမှုန့်ကြိတ်စက်ရုံတို့ဟာ လုံးဝပျက်စီးသွားခဲ့ပြီး ရပ်ကွက်အတွင်းက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

 

ဒီနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျောက်တော်မြို့နယ်ကို AA က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

 

ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က စစ်ကောင်စီလေကြောင်းရန်ရှိလို့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော်တွေမှာ လူစုလူဝေးမလုပ်ကြဖို့ အောက်တို့ဘာလ ၇ ရက်နေ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – APM