ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့သူ ချင်း ရဲဘော်တစ်ဦး ငှက်ဖျားရောဂါနဲ့ ကျဆုံး

Author ဆလိုင်း
Categories
Published on Jul 10, 2024

ချင်းပြည်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ်(မင်းတပ်)မှ ရဲဘော် တစ်ဦး ယမန်နေ့ ဇူလိုင်လ ၉ ရက်က ငှက်ဖျားရောဂါနဲ့ ကျဆုံးသွားတယ်လို့ အဲဒီအဖွဲ့ မှ တာဝန်ရှိသူတွေက CJ Platform သို့ ပြောပါတယ်။

 

ကျဆုံးသွားတဲ့ ရဲဘော်ဟာ အသက် ၂၅ နှစ်ဝန်းကျင်ရှိ ဆလိုင်း ဗန်ကျဲဆန်းလို့ သိရပြီး ၎င်းမှာ ဇနီးနဲ့ သမီးတစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

 

“မနေ့ကပဲ ငှက်ဖျားရောဂါနဲ့ ကျဆုံးသွားတာပါ။ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းရပါတယ်” လို့ CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဆလိုင်း ဗန်ကျဲဆန်းဟာ CDF-Mindat ရဲ့ စစ်ဒေသရုံးမှာ တာဝန်ထမ်းဆောင်သူဖြစ်ပြီး အားကိုးရတဲ့ ရဲဘော်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

 

၎င်းဟာ ကျန်းမာရေးအခြေအနေကြောင့် တပ်မှ ခေတ္တခွင့်ယူပြီး မိသားစုထံပြန်နေစဉ် မနေ့က ငှက်ဖျားရောဂါနဲ့ ကျဆုံးသွားခြင်းဖြစ်တယ်လို့ ၎င်းနဲ့နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဦးနှောက်ထဲကို ငှက်ဖျားပိုးဝင်သွားလို့ အခုလို မြန်မြန်ဆန်ဆန် ကျဆုံးသွားတာဖြစ်တယ်။ အစ်ကိုက နေမကောင်းဖြစ်တာလည်း မစားနိုင်၊ မသွားနိုင်၊ မလုပ်နိုင်တာလည်း မဟုတ်ဘူး။ အခုလို ရုတ်တရက်ဖြစ်သွားတာ အရမ်းဝမ်းနည်းမိတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဆလိုင်း ဗန်ကျဲဆန်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က သိမ်းပိုက်ရရှိထားတဲ့ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ- ကျဆုံးသွားတဲ့ CDF(မင်းတပ်) ရဲဘော် ဆလိုင်း ဗန်ကျဲဆန်းကို တွေ့ရစဉ်