မိုးကုတ်ကို စစ်ကောင်စီဗုံးကြဲ သေဆုံးထိခိုက်သူတွေ များပြား

Author CJ Platform
Categories
Published on Feb 10, 2025

တ‌အောင်းတပ် TNLA ထိန်းချုပ်ထားရာ မိုးကုတ်မြို့ကို စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသတွင်းလူမှုကွန်ရက်စာမျက်နှာတွေက ဖော်ပြချက်တွေနဲ့ PSLF/TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီကနေ့ မနက် ၁ နာရီခန့်မှာ မိုးကုတ်မြို့ အနောက်ပိုင်းက ဝန်းထရံလုပ်ကွက်ကို Y 12 လေယာဉ်နဲ့ ဗုံးအလုံး ၃၀ နီးပါး လာရောက်ဗုံးကြဲခဲ့ပြီး ဒါဟာ ဒီနှစ်ထဲ ပထမဆုံးအကြိမ် ဗုံးကြဲခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေတာက ၅ ဦးလို့ကြားပါတယ်၊ အချိန်နဲ့အမျှ သေဆုံးသူတိုးနိုင်ပါတယ်။ မြို့သိမ်းပြီးနောက်မှာ သုံးကြိမ်မြောက်လာကြဲတာပါ” လို့ မိုးကုတ်ဒေသခံတစ်ဦး က CJ Platform ကိုပြောပါတယ်။

 

အခုဗုံးကြဲခံရမှုမှာ ကသည်းကျောက်ဆောင်နဲ့ ပြောင်းပြင်ရွာကြားက ဝင်းထရံကျောက်မျက်လုပ်ကွက်ကို ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၅ ဦးသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရတယ်လို့ ကနဦးစုံစမ်းသိရှိရပြီး အတည်ပြုနိုင်ရန် CJ Platform အ‌နေနဲ့ ထပ်မံ စုံစမ်းနေဆဲဖြစ်ပါတယ်။

 

စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ကအတည်ပြုထုတ်ပြန်ထားပြီး ထိခိုက်မှုအခြေအနေတွေကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ စစ်ကောင်စီက  ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်တွင် ဗုံး (၃) လုံးနှင့် အနောက်ပိုင်း မြိုဦးလွင်အနီးတွင် ဗုံး (၂)လုံး  လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ မိုးကုတ်မြို့ အရှေ့ပိုင်းက ဒေသခံ (၄) ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

မိုးကုတ်မြိုကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြီးခဲ့တဲ့ ဇွန်လိုင်လ ၂၅ ရက်နေ့တွင် တအာင်းတပ်မတော် TNLAက  တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။

 

စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်- MNDAA နဲ့ အပစ်ရပ်သဘောတူညီမှုရထားပြီးနောက် TNLA ထိန်းချုပ်ထားတဲ့  ဒေသတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာနေတာကိုတွေ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်