တစ်နိုင်ငံလုံးနီးပါး ငလျင်ဘေးကြောင့် ကြေကွဲနေရချိန် ‌ဂန့်ဂေါမှာ စစ်ကောင်စီက စစ်အင်အားတိုးပြီး ထိုးစစ်ဆင်နေ

Author Treasure Htun
Categories
Published on Apr 01, 2025

သမိုင်းဝင် ငလျင်ကြီးကြောင့် တစ်နိုင်ငံလုံးနီးပါးက ပြည်သူတွေကြေကွဲနေရချိန် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီက စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

 

ငလျင်စတင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ညပိုင်းကတည်းက ဂန့်ဂေါအခြေစိုက် ခြေလျင်တပ်ရင်း(ခလရ)-၅၀ အတွင်းသို့ အင်အား ၁၀၀ ခန့် ဖြည့်တင်းထားပြီး အဲဒီတပ်အနီးရှိ လမ်းပန်းဆက်သွယ်ရေးအချက်ချာကျတဲ့ ရှောင်ပင်နဲ့ ပန်းဆန်ကျေးရွာတို့မှာလည်း အထိုင်ချ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

“စကစ(စစ်ကောင်စီ)က စိုးမိုးနယ်မြေတိုးချဲ့ဖို့ ကြိုးစားလာတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့မှုတွေလည်း ရှိတယ်။ ပြီးရင် ပတ်ဝန်းကျင်ကို စကစက လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေတော့ ဂန့်ဂေါအနီးနား ရွာက လူတွေ စစ်ဘေးရှောင်နေကြရတယ်” လို့ စစ်ဘေးရှောင်နေရတဲ့ အသက် ၃၅ နှစ်ခန့်ရှိ ဂန့်ဂေါနယ်ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဂန့်ဂေါအခြေစိုက် စစ်ကောင်စီတပ်ဘက်က ငလျင်လှုပ်ခတ်ပြီး မတ်လ ၂၈ ရက်နေ့ ညပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

ဒါကြောင့် ဂန့်ဂေါမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ပျား၊ ရှုံးရှီ၊ ရှောက်ပင်၊ အနောက်ဂန့်ဂေါနဲ့ လုံခြုံ စတဲ့ကျေးရွာ ငါးခုက ဒေသခံပြည်သူ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

 

ဒါ့အပြင် လက်ရှိအခြေအနေအရ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ယောဒေသ ဂန့်ဂေါမှာ စစ်ရေးတင်းမာနေတယ်လို့ စစ်ရေးသတင်းတွေသိရှိထားတဲ့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

စစ်ကောင်စီတပ်အင်အားဖြည့်တင်းထားတဲ့အပြင် ရှောင်ပင်နဲ့ ပန်းဆန်ကျေးရွာတွေမှာ အထိုင်တပ်ချထားတဲ့အတွက် အနီးကျေးရွာတွေမှာ ညပိုင်း ပေါ်တာဝင်ဆွဲမှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြခြင်းကြောင့် စစ်ရှောင်ဦးရေ ပိုများလာနေတယ်လို့ သိရပါတယ်။

 

“စကစတွေ တပ်စွဲထားတဲ့ ရှောင်ပင်နဲ့ ပန်းဆန်ရွာက စကစ ကင်းစင်လုနီးပါး ဖြစ်နေတဲ့ ချင်းပြည်နယ်ဘက်ကိုသွားတဲ့ အဓိက လမ်းမကြီးမှာ ရှိတာ။ နောက်ပြီး တော်လှန်ရေးအင်အားစုတွေ သွားလေ့ရှိတဲ့ လမ်းကြောင်းတွေကို ဖြတ်ချင်တာလို့ ယူဆတယ်။ ချင်းပြည်နယ်ကို ရိက္ခာဖြတ်ချင်လို့ သူတို့ အရဲစွန့်ပြီး တိုးချဲ့ တပ်စွဲနေတာ” လို့ အသက် ၃၀ ဝန်းကျင်ရှိ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

 

ကျေးရွာတွေအပြင် ဂန့်ဂေါမြို့ပေါ်မှာလည်း စစ်ကောင်စီက လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး နေ့စဉ် ကား ငါးစီးနဲ့ ကင်းပတ်လေ့ရှိသလို အစစ်အဆေးတင်းကျပ်နေကာ မြို့ပြင်ကို စားနပ်ရိက္ခာတွေသယ်ယူခွင့် လုံးဝပိတ်ပင်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ဂန့်ဂေါမြို့ပေါ်မှာ နေထိုင်တဲ့လူက မြို့ပြင်ထွက်မယ်ဆိုရင် စကစဂိတ်မှာ မှတ်ပုံတင်ထားခဲ့ရတယ်။ မြို့ပြင်ကို လွယ်လွယ်ထွက်လို့ မရဘူး။ ဂန့်ဂေါမြို့ကနေ တခြားဒေသကို စစ်ရှောင်သွားမှာကို သူတို့က မလိုလားဘူး” လို့ ဂန့်ဂေါမြို့ပေါ်မှာနေထိုင်တဲ့ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဂန့်ဂေါဒေသက စစ်ရှောင်အများစုဟာ ချင်းတောင်ဘက်ကို စစ်ဘေးရှောင်ကြသလို နီးစပ်ရာ ဆွေးမျိုးတွေဆီကို သွားရောက်နေထိုင်ကြသူတွေလည်းရှိသလို စစ်ရှောင်တွေ အဓိကဖြတ်သန်းသွားလာတဲ့ ဂန့်ဂေါတောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးမှာ စစ်ကောင်စီက အထိုင်ချတပ်စွဲထားလို့ စစ်ဘေးရှောင်တွေ အခက်တွေ့နေရတယ်လို့လည်း ‌ဒေသတွင်း သတင်းအရင်းမြစ်တွေထံက သိရှိရပါတယ်။

 

ဂန့်ဂေါခရိုင်ထဲက ထီးလင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေက တပ်သားအလဲအပြောင်းတွေပြုလုပ်ထားတဲ့အပြင် အင်အားတိုးထားပြီး နေ့စဉ်ကင်းပတ်ကာ နီးစပ်ရာကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေတာကြောင့် ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံရဲ့မြို့ကြီးတွေဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်း တို့က မြို့နယ်တွေမှာ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေအပြင် လက်ရှိအချိန်ထိ အဆောက်အအုံတွေထဲ ပိတ်မိပြီး အကူအညီလိုအပ်နေသူတွေ၊ အသက်ဆုံးရှုံးရသူတွေ များစွာရှိနေသေးသလို မကွေးတိုင်းရဲ့ တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ ဂန့်ဂေါမြို့နယ်မှာလည်း စစ်‌ရှောင်ဦးရေ ပိုမို များပြားလာတာကြောင့် အကူအညီများလိုအပ်ဆဲဖြစ်တယ်လို့ သိရပါတယ်။

 

မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အလွန်ပြင်းထန်သည့်ငလျင်ဟာ မန္တလေးမြို့မြောက်ဘက် ၂၁ ကီလိုမီတာကို ဗဟိုပြုပြီး ရုတ်တရက်လှုပ်ခတ်ခဲ့ပါတယ်။

 

ဒီငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၂,၃၉၅ ဦးအထိရှိလာတဲ့အပြင် လူဦးရေ ၈ ဒသမ ၅၆ သန်းကျော်ဟာ ဘေးကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ဒီကနေ့ ဧပြီ ၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – CJ