ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ သားဖြစ်သူ ကင်မ်အဲရစ် က စစ်ခေါင်းဆောင်ဆီ စာပို့တောင်းဆို

Author လဂွန်းအိမ်
Categories
Published on Feb 01, 2025

မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ သားဖြစ်သူ ကင်မ်အဲရစ်က ဒီကနေ့ ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းမှု ၄ပြည့်တဲ့နေ့မှာ ယူကေမှာရှိတဲ့ မြန်မာသံရုံးကို သွားရောက် စာပို့တောင်းဆိုခဲ့တယ်လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။

 

ကင်မ်အဲရစ်က စာပေးပို့နိုင်ဖို့အတွက် မြန်မာသံရုံးရှေ့က လူခေါ်ဘဲလ်ကို အကြိမ်ကြိမ်နှိပ်ပြီး ခေါ်ဆိုခဲ့ပေမဲ့ မြန်မာသံရုံးဘက်က လာရောက် ထွက်တွေ့သူ မရှိသလို စာကို လက်ခံယူခဲ့တဲ့သူလည်း မရှိခဲ့တာကြောင့် စာထည့်ပေါက်ကနေပဲ စာကိုချန်ထားခဲ့ရတယ်လို့လည်း သူ့ရဲ့မျှဝေမှုမှာ ဖော်ပြထားပါတယ်။

 

“မေမေဟာ မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ် မေမေ လွတ်ကိုလွတ်မြောက်ရမယ် မီးတောက်လိုပြင်းပြတဲ့ ဆန္ဒဟာ ဘာကြောင့်မှ မငြိမ်းစေရဘူး” လို့ ကင်အဲရစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြောပါတယ်။

 

လာမယ့် ဇွန်လမှာ အသက် (၈၀)ပြည့်တော့မှာဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ အမှုပေါင်းများစွာ စွပ်စွဲပြီးတော့ မတရားဖမ်းဆီးထားပါတယ်။