အရာတော်တွင် ရှေ့ထွက်ကင်းပုန်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်၊ တစ်ဦးသေပြီး သုံးဦး ဒဏ်ရာပြင်းထန်

Author လင်းနွေဦး
Categories
Published on Mar 08, 2024

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အင်အား ၆၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း၏ ရှေ့ထွက်ကင်းပုန်းတပ်သား ၈ ဦးကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်မှုအတွင်း တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ပြင်းထန်ကြောင်း ယင်းစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် Danger Force LPDF အဖွဲ့မှ ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

မတ်လ ၇ ရက် နံနက် ၇ နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ အမတ(၃၆၉) တပ်စခန်းမှ အရာတော်မြို့ရှိ စခတ(၁၀)တပ်စခန်းသို့လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းအတွင်းမှ ရှေ့ထွက်ပွိုင့်အနေဖြင့် စေလွှတ်သည့် တပ်သား ၈ ဦးကို ဒေသတော်လှန်ရေးအဖွဲ့များမှ ကန်ပေါ်ရွာအနောက်ဘက် ဖိုးသာကျော်ကန်အနီးတွင် ပဒေသာမိုင်း ၂ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

“စစ်တပ်ရဲ့ အမတ ၃၆၉ တပ်ကနေထွက်လာပြီလို့ သတင်းရရခြင်းမှာ စောင့်နေခဲ့ပြီး မိုင်းကြိုထောင်၊ မိုင်းကွင်းဆင်တာပေါ့ဗျာ။ ကင်းပုန်းစောင့်မယ့်ကောင်တွေ မိုင်းကွင်းနား ရောက်ပြီဆိုမှ တိုက်ခိုက်ခဲ့တာပါ။ တစ်ဦးသေပြီး သုံးဦးဒဏ်ရာ ပြင်းထန်တယ်လို့ သိရတာက မျက်မြင်တွေ့လိုက်ရတာရော၊ တပ်တွင်းဖရဲသီး တွေဆီက အတည်ပြုတာရောကြောင့်ပါ” ဟု တော်လှန်ရေးရဲဘော်က CJ Platform သို့ ပြောသည်။

 

မကြာမီ တိုက်ခိုက်ခံရသည့်နေရာသို့ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာခဲ့ပြီး အနီးဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် သေဆုံးသွားသည့် တပ်သားအလောင်းနှင့် ဒဏ်ရာရ တပ်သားများကို အရာတော်မြို့ရှိ စ.ခ.တ(၁၀)တပ်စခန်းအတွင်းသို့ ပြန်လည်သယ်ဆောင်သွားခဲ့သည်ဟု Danger Force LPDF အဖွဲ့၏ ရဲဘော်က ထပ်မံပြောကြားသည်။

 

စစ်ကောင်စီစစ်ကြောင်း၏ ကင်းပုန်းအဖွဲ့အား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် အဆိုပါစစ်ဆင်ရေးကို Danger Force LPDF နှင့်အတူ မုံရွာခရိုင်ပကဖ အဖွဲ့နှင့် လင်းယုန်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

စစ်ဆင်ရေးအပြီး မိုင်းဆွဲတိုက်ခိုက်သည့် နေရာတဝိုက်မှ စစ်ကောင်စီတပ်သားများ ကျန်ရစ်သည့် စစ်လွယ်အိတ်၊ ၅ ပွိုင့် ၅၆ ကျည်ဆန်အချို့အပြင် ရိက္ခာအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။

 

ဓာတ်ပုံ-ပေးပို့

 

ပုံစာညွှန်း – စစ်ကောင်စီစစ်ကြောင်း ကင်းပုန်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်သည့်နေရာနှင့် သိမ်းဆည်းရမိသည့် စစ်လွယ်အိတ်၊ ကျည်ဆန်၊ ရိက္ခာအချို့ကိုတွေ့မြင်ရစဉ်

Related News

Depend on news