သထုံခရိုင် တပ်မဟာ(၁) နယ်မြေအတွင်း ကူးစက်တတ်သည့် ယားနာရောဂါတမျိုး ဖြစ်ပွားနေ

Author နေညို
Categories
Published on Feb 05, 2024

ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ ၊သထုံခရိုင် ၊တပ်မဟာ(၁) နယ်မြေအတွင်း ကူးစက်တတ်သည့် ယားနာရောဂါတမျိုး ဖြစ်ပွားနေပြီး ဒေသခံများသာမက တော်လှန်ရေး ရဲဘော်များပါ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

 

ချိုးရေမသန့်ရှင်းခြင်းနှင့် ​​မြေကြီးအတွင်းရှိ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ခြေ၊ လက်၊ ပေါင်ရင်းများတွင် အရည်ကြည်ဖုလေးများနှင့် အနီစက်လေးများ စတင်ဖြစ်ပေါ်ရာမှ ရောဂါဖြစ်ပွားရခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် CDM ဆရာဝန်များမှ ဆိုသည်။

“ရောဂါက ဖြစ်ပြီဟေ့ဆိုရင် ကုတ်ရင်းဖဲ့ရင်းကနေ အနာတွေပွားလာတာပေါ့နော်၊ အဲ့အနာတွေက ခန္ဓာကိုယ်မှာဖြစ်တာတော့ နည်းတယ်၊ ဒါပေမဲ့ မဖြစ်ဘူးလို့လည်း မပြောဘူးပေါ့နော်”ဟု CDM ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာရာရာ က ပြောသည်။

 

ထို့ပြင် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ၏ ဆေးခန်းများနှင့် အခြားသော ပြင်ပရှိ CDMဆရာဝန်များ ဖွင့်လှစ်ထားသော ဆေးခန်းများသို့ ရောက်ရှိလာသော လူနာဆယ်ဦးလျှင် ကိုးဦးခန့်မှာ ယင်းအရေပြားရောဂါဖြစ်ပွားနေလျှက်ရှိသည်ကို ကြုံတွေ့နေရကြောင်း ဒေါက်တာရာရာမှ CJ Platformသို့​ ပြောသည်။

 

“ဒီရောဂါ အဖြစ်များနေရင် ထိန်းမရတဲ့ပုံစံမျိုးဖြစ်သွားမှာ စိုးရိမ်ရတယ်၊ အသက်အန္တရာယ်ရှိတဲ့ ရောဂါမဟုတ်ပေမဲ့၊ ထိရောက်တဲ့ကုသမှုမျိုးမလုပ်ရင် နောက်ဆက်တွဲဖြစ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်”ဟု ယင်းက ဆက်လက် ပြောသည်။

 

ဒေသခံအချို့တွင်သာမက တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့ဝင်အချို့တွင် ကူးစက်ယားနာ ဖြစ်ပွားနေကြောင်း ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးများထံမှ သိရသည်။

 

“ရှေ့တန်းထွက်တဲ့ချိန် စစ်ကြောင်းမှာ ရေမသန့်တာတွေလည်းပါမယ်၊ ပြီးတော့ ကျွန်တော်တို့စစ်ကြောင်းထဲမှာ ဖြစ်နေတဲ့သူတွေ ပါတာပေါ့၊ အဲ့ဒီကနေ ကျွန်တော်လည်း ကူးတယ်ထင်တယ်”ဟု ယားနာဖြစ်ပွါးနေသူ တော်လှန်ရေးရဲဘော်တစ်ဦးမှ CJ Platformသို့ ပြောသည်။

 

ယားနာများသည် ရောဂါလက္ခဏာများအလိုက် အမျိုးအစား များစွာရှိနေသောကြောင့် လက်ရှိဖြစ်ပွားနေသည့် ကူးစက်ယားနာရောဂါသည် မည်သည့် ယားနာအမျိုးအစားဖြစ်သည်ကိုမူ ဓာတ်ခွဲခန်းများ သုံးစွဲနိုင်မှု မရှိခြင်းနှင့် လိုအပ်သည့် စမ်းသပ်မှုများ လုပ်ဆောင်ရန် စက်ကရိယာများ မရှိသေးခြင်းများကြောင့် အနာရောဂါအမျိုးအစားကိုမူ မသိရှိရသေးပေ။

 

ဓါတ်ပုံ – နေညို

 

ပုံစာညွှန်း – သထုံခရိုင် တပ်မဟာ(၁)အတွင်း ယားနာရောဂါဖြစ်ပွားနေသူ တစ်ဦးအား မြင်ရပုံ