သင်္ဃန်းညီနောင် ခမရ ၃၅၆ စခန်းအား သိမ်းပိုက်နိုင်ကြောင်း ကနဦးသတင်းရရှိ ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်စခန်းတို့အား ဆက်လက်ထိုးစစ်ဆင်

Author လင်းနွေဦး
Categories
Published on Mar 10, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊သင်္ဃန်းညီနောင်မြို့သစ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်းများ ဖြစ်သည့် ခမရ ၃၅၆ တပ်စခန်းအားသိမ်းပိုက်နိုင်ကြောင်း ခမရ ၃၅၇ တပ်စခန်း နှင့် ဗျူဟာကုန်းစခန်းတို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များ မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိပြီး သိမ်းပိုက်နိုင်လုနီးပါး အခြေအနေတွင် ရှိနေသည် ဟု မြေပြင်သတင်းရင်းမြစ်များ၏ ကနဦး သတင်းပေးပို့ချက်အရ သိရသည်။

သင်္ဃန်းညီနောင် ဒေသအတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁၂ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်းများ နှင့် သင်္ဃန်းညီနောင် ဗျူဟာကုန်း ဟူ၍ရှိရာ ခမရ ၃၅၅ တပ်ရင်းအား မတ်လ ၈ ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့ပြီး မတ်လ ၉ ရက်နေ့အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

‘ခုက ခမရ ၃၅၆ ကို ရပြီလို့ပြောလို့ရတဲ့ အနေအထားပါ။အသေးစိတ်ကိုတော့ KNU ကဘဲ သတင်းထုတ်ပြန်ပါလိမ့်မယ်။ကျွန်တော်တို့မှာ စစ်ရေးအတွက် အများကြီးဖြေကြားခွင့်မရှိပါဘူး။ သတင်းတွေတော့ နားစွင့်ပေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ အလုပ်ကျွန်တော်တို့ လုပ်နေပါတယ် “ဟု ရှေ့တန်းရောက် မြေပြင်တော်လှန်ရေးရဲဘော် တစ်ဦးမှ CJ Platform သို့ ပြောသည်။

 

ခမရ ၃၅၆ စစ်စခန်းမှ စစ်ကောင်စီ တပ်သားများအနေဖြင့် အနီးရှိ ခမရ ၃၅၇ စခန်းသို့ ခွာစစ်ဆင်ဆုတ်ခွာ၍ သွားရောက် ပူးပေါင်းအင်အားဖြည့်ခြင်းများအပြင် အနီးရှိ ဗျူဟာကုန်း စခန်းနှင့် ခလရ ၂၇၅ တပ်စခန်းများမှ လည်းလက်နက်ကြီး ပစ်ကူများနှင့် လေကြောင်းပစ်ကူများ အဆက်မပြတ်ပေးကာ တပ်စခန်းများ မကျစေရေး အသည်းအသန် ခုခံနေရကြောင်း နောက်ထပ် မြေပြင်သတင်းရင်းမြစ် ရဲဘော် တစ်ဦးထံမှ သိရသည်။

စစ်ကောင်စီ ၏လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့်လည်း  သင်္ဃန်းညီနောင် မြို့သစ် အနီးဝန်းရှိ ဝှေ့ရှမ်း ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ သံပုရာ ကျေးရွာ စသည့်ကျေးရွာ များရှိ နေအိမ် အလုံး ၇၀ ထက်မနည်း မီးလောင်ပျက်စီးကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိသည့်အပြင် ရွာသူ၊ရွာသားများ အနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။