“ဝ” ပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်အားလုံးကို ဖယ်ရှားလိုက်ပြီ

Author CJ Platform
Categories
Published on Jul 13, 2025

ရှမ်းပြည် အရှေ့ပိုင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသ ခရိုင်လေးခုအောက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေအားလုံးကို ရုပ်သိမ်းလိုက်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက CJ Platform ကို အတည်ပြု ပြောပါတယ်။

 

“ဝ” ဒေသအတွင်း ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေ သွားလာနိုင်ရေးအဆင်ပြေအောင် စစ်ဆေးရေးဂိတ်တွေအားလုံးကို ရုပ်သိမ်းလိုက်တာဖြစ်ပေမယ့် နယ်စပ်ကုန်သွယ်ရေးအတွက် အခွန်ကောက်တဲ့ဂိတ်တွေကတော့ ဆက်ရှိနေမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

“နယ်စပ်ကုန်သွယ်ရေးခွန်ကောက်တဲ့ဂိတ်တွေ ဆက်ရှိနေပါတယ်။ လုံခြုံရေးနဲ့ တရားမဝင်လုပ်ဆောင်မှုတွေအတွက် ရှောင်တခင် စစ်ဆေးချက်အစီအမံတွေ ရှိပါတယ်” လို့ ဦးညီရန်းက ပြောပါတယ်။

 

“ဝ” ပြည်နယ် ခရိုင်လေးခုအောက်မှာရှိတဲ့ မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမော၊ ဟိုပန်မြို့နယ်တွေအတွင်းက စစ်ဆေးရေးဂိတ်တွေကို အခု ဇူလိုင် ၁၁ ရက်မှာ စတင်ရုပ်သိမ်းဖို့ UWSA ဗဟိုကော်မတီက ညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်း “ဝ” ပြည်နယ်ဒေသအတွင်း သတင်းဌာန Wa News Land က ဖော်ပြထားပါတယ်။

 

“ဝ” ပြည်နယ် ဒေသတွင်းက စစ်ဆေးရေးဂိတ်တွေကို ဖယ်ရှားခဲ့ပေမယ့် တရားမဝင်ကုန်ပစ္စည်း သယ်ယူလုပ်ဆောင်မှုတွေနဲ့ ဖော်ထုတ် အရေးယူနိုင်ဖို့အတွက် ရှောင်တခင် စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Wa News Land

 

 

Related News

Depend on news