ရေဦးနှင့် တန့်ဆည်အကြားရှိ ကျေးရွာများအား စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ငါးထောင်ကျော် စစ်ရှောင်နေရ

Author ကေဇက်
Categories
Published on Feb 20, 2024

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နှင့်တန်ဆည်မြို့နယ် အကြားရှိ ကျေးရွာများအား စစ်ကောင်စီ၏ ရေဦးမြို့ပေါ် အထိုင်ချ ခြေလျင်တပ်ရင်း ခလရ (၇၁)နှင့် ခြေမြန်တပ်ရင်း ခမရ (၇၀၈)တို့မှ ပူးပေါင်းအင်အား (၈၀)ခန့်ဖြင့် ဇန်နဝါရီလ (၁၉)ရက်နေ့တွင်  လေကြောင်းပစ်ကူကာ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံစစ်ရှောင် ၅ထောင်ကျော်ခန့် စစ်ရှောင်နေကြရသည်ဟု ရေဦးမြို့နယ် အခြေပြု People’s Defense Comradeမှ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား)မှ CJ platform သို့ ပြောသည်။

 

ယင်းစစ်ကြောင်းသည် ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ တူးမောင်းရွာမှ ရွာသာရွာဘက်သို့ ဝင်ရောက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့များမှ ပြောက်ကျားစနစ်ဖြင့် မိုင်းဆွဲတိုက်ခိုက်ကာ အထွက်လမ်းပိတ်ဆို့မှုကြောင့် ယင်းနေ့ နံနက် (၉)နာရီ (၅၀)မိနစ်ခန့်တွင်  အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ Mi 35 ဖြင့် လာရောက် ပစ်ခတ်သွားကြောင်း သိရသည်။

 

“တိုက်ပွဲပြင်းထန်ခဲ့လို့ လာပစ်တာ မဟုတ်ဘူး၊ လမ်းကြောင်းရော ပိတ်သွားတာကြောင့် လာပစ်သွားတာ၊ အဓိက စားနပ်ရိက္ခာပိုင်း အရေးပေါ်လိုအပ်တာပါ၊ ရက်ရှည်ရှောင်နေကြရတော့ စားနပ်ရိက္ခာက တော်တော်အခက်ခဲ ဖြစ်တယ်”ဟု ကိုထူးခန့်ဇော်မှ ပြောသည်။

 

ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှ စ၍ ရေဦး၊တန်ဆည် အစပ်ရှိ ကျေးရွာ(၁၀)ရွာကျော်သည် စစ်ရှောင်နေကြရကြောင်း၊ ၎င်းစစ်ကြောင်းသည် ဖေဖော်ဝါရီ(၁၂)ရက်ခန့်မှစ၍ ယမန်နေ့ထိ ရေဦးမြို့တွင်းမှ အနောက်ဘက်ခြမ်းရွာများအား တစ်ပတ်ကျော် စစ်ကြောင်းထိုးလျက်ရှိကြောင်း ကိုထူးခန့်ဇော်မှ ထပ်မံပြောဆိုသည်။

 

ယင်းစစ်ကြောင်းသည် ရေဦး၊တန့်ဆည်အစပ်ရှိ တူမောင်းရွာနှင့် ဖန်းခါးဇင်ရွာကြားရှိ ခံနံ့သာတောကျောင်းတွင် ဆက်လက်တပ်စွဲထားကြောင်း သိရသည်။

 

ဓာတ်ပုံ – ထူးခန့်ဇော်

 

ပုံစာညွှန်း – စစ်ဘေးရှောင် ပြည်သူများအား မြင်ရပုံ