ရုရှားနဲ့ ယူကရိန်း ဆွေးနွေးပွဲကနေ သုံ့ပန်းတွေ လဲလှယ်ဖို့ သဘောတူညီမှုရ၊ အပစ်အခတ်ရပ်စဲရေး တိုးတက်မှုမရှိ

ရုရှားနဲ့ ယူကရိန်းတို့ဟာ ဇူလိုင် ၂၃ ရက် မနေ့က အစ္စတန်ဘူလ်မြို့မှာ မိနစ် ၄၀ ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။
နှစ်ဖက်စလုံးက နောက်ထပ် သုံ့ပန်းအနည်းဆုံး ၁,၂၀၀ လဲလှယ်ဖို့နဲ့ အတင်းအဓမ္မခေါ်ဆောင်ခံထားရတဲ့ ယူကရိန်းကလေးတွေ ပြန်ခေါ်ရေးကိစ္စကို ဆွေးနွေးသဘောတူခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ကတော့ တိုးတက်မှု မရခဲ့ပါဘူး။
သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ရုရှားသမ္မတ ပူတင်တို့ သြဂုတ်လမကုန်ခင် တွေ့ဆုံဖို့ ကို ယူကရိန်းဘက်က အဆိုပြုထားတာရှိပါတယ်။ ရုရှားဘက်ကတော့ သဘောတူညီချက် အပြည့်အစုံ လက်မှတ်ထိုးဖို့ အဆင်သင့်မဖြစ်သေးသရွေ့ ဒီအကြံကို လက်မခံဘူးလို့ ပယ်ချခဲ့ပါတယ်။
ရုရှားက ကာလတို အပစ်ရပ်စဲရေးတွေကို တွန်းအားပေးနေပြီး ယူကရိန်းဘက်ကတော့ ရေရှည်အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေတာကြောင့် ဆွေးနွေးပွဲတွေဟာ တိုးတက်မှုမရှိသေးဘဲ အချိန်တွေကြာပြီး ရလဒ်မထွက် ဖြစ်နေတာပါ။
ရက် ၅၀ အတွင်း ငြိမ်းချမ်းရေး သဘောတူညီချက် မရရင် ပိတ်ဆို့မှုအသစ်တွေ ချမှတ်မယ်လို့ အမေရိကန်သမ္မတ ထရမ့်က ရုရှားကို ခြိမ်းခြောက်ခဲ့တဲ့နောက် ဒီတွေ့ဆုံပွဲဖြစ်လာတာပါ။
Source – reuters
ဓာတ်ပုံ – CNN