မုံရွာ သက္ကာကျင်းရွာ နေအိမ် ၄၀ဝ ခန့် စစ်ကောင်စီမီးရှို့ဖျက်ဆီး၊ အဖွားအိုတစ်ဦးနှင့် အရပ်သားလေးဦး မီးလောင်ပြင်အတွင်းသေဆုံး နို့တိုက်မိခင်များအပါအဝင် ရာနှင့်ချီဖမ်းဆီးခေါ်ဆောင်ခံရဟုဆို

Author မင်းထက်
Categories
Published on Mar 15, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီက မတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းကြောင့် အရပ်သားပိုင်အိမ် ၄၀ဝ ခန့်ဆုံရှုံးခဲ့သည့်အပြင် အသက် ၈၀ ကျော်အဖွားတစ်ဦးနှင့် အရပ်သား လေးဦး မီးလောင်ပြင်အတွင်းသေဆုံးလျက်တွေ့ရကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

 

မုံရွာမှ ကားနှစ်စီး အင်အား ၆၀ ဝန်းကျင်ဖြင့် ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် သက္ကယ်ကျင်းကျေးရွာ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ စစ်ကြောင်း နှစ်ခုခွဲဝင်ကာ မွန်းလွဲ ၂ နာရီခန့်တွင်  ရွာကို မီးစရှို့ကြောင်း ယင်းဒေသခံတစ်ဦးက ပြောသည်။

“ရုတ်တရက်ဝင်လာတော့ ရှောင်ချိန်မရ၊ ယူချိန်လည်းမရလိုက်ဘဲ ကိုယ်လွတ်ရုန်းပြေးကြတာပေါ့။ ဘာထိတွေ့တိုက်ပွဲမှမရှိ ပစ်ခတ်မှုမရှိဘဲ အကြောင်းမဲ့ အသားလွတ် ဝင်ရှို့သွားတာပါ။ ရွာပျက်လုနီးပါးပဲ” ဟု ၎င်းက ပြောသည်။

 

သက္ကယ်ကျင်းရွာသည် အိမ်ခြေ ၈၀ဝ ကျော်ရှိပြီး မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၄၀ဝ ခန့် ဆုံးရှုံးခဲ့ရကြောင်း၊  ယနေ့နံနက်ပိုင်း နယ်မြေရှင်းလင်းရေးလုပ်ချိန်တွင် မီးလောင်ပြင်အတွင်း အသက် ၈၀ ကျော်အရွယ် အဖွားတစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီးနှစ်ဦး၊ အမျိုးသား တစ်ဦးတို့ကို မီးလောင်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိထားကြောင်း ယင်းဒေသမှ ကာကွယ်ရေးတပ်သားတစ်ဦးက ပြောသည်။

 

“ဓားစာခံအနေနဲ့ ခေါ်သွားတာ ၁၀ဝ လောက်ရှိမယ်ဗျ။ အဆက်အသွယ် မရသေးပါဘူး။ နို့စို့ကလေးအမေတွေလည်း ပါသွားတယ်။ ကလေးတွေကိုတော့ ဘုန်းကြီးကျောင်းထဲ ပစ်ထားခဲ့တာပါ။

 

ပြည်သူတွေကတော့ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့ဗျာ။ မီးရှို့ခံရတာရော၊ ဖမ်းတာလား၊ သေတာလား၊ ပျောက်တာလား မသိဖြစ်နေကြတယ်။ လတ်တလော ရှင်းလင်းရေးတွေ လုပ်နေကြတယ်ဗျ” ဟု  မုံရွာခရိုင် PDF တပ်ရင်း ၄၊ တပ်ခွဲ ၂ ပြန်ကြားရေးတာဝန်ရှိသူ Zapya က CJ Platform သို့ ပြောသည်။

 

ယခုလက်ရှိ သက္ကယ်ကျင်းရွာက ပြည်သူ ၆၀ဝ၀ ကျော် စစ်ရှောင်နေရပြီး ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရကြောင်း၊ ဒေသခံပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲများကြုံနေရပြီး အစားအသောက်နှင့် အဝတ်အထည်များလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

ဤဖြစ်စဉ်နှင့်ပက်သက်၍ စစ်ကောင်စီတယ်လီဂရမ်ချန်နယ်များတွင်မူ PDF များ ခိုအောင်းနေထိုင်သောကျေးရွာများကို  စစ်ကြောင်းဝင်ရှင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရှင်းရာတွင် PDF များကသာ ကျေးရွာကို မီးရှို့ထွက်ပြေးခြင်းဖြစ်ကြောင်း ရေးသားခြင်းများတွေ့ရှိရသည်။

 

ထို့ပြင် မုံရွာမြို့ရှိ ကျေးရွာအချို့ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း သက္ကယ်ကျင်းကျေးရွာအနီးတွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊  တိုက်ပွဲဖြစ်ပွားပြီးနောက် PDF များ၏ မော်တော်ယာဉ် ၂ စီး၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၃ ခု၊ ရီမု ၁ ခု၊ Monywa Netsoe ဘက်တံဆိပ် ၁၂ ခု၊ ပြည်သူ့ကာကွယ်ရေး ဘက်တံဆိပ် ၁၀ ခု၊ မုံရွာခရိုင်အမှတ်-၂၂ တပ်ရင်းတံဆိပ်ပါ ၁၀ ခု၊ ကြယ်တံဆိပ်ပါ ဘက်တံဆိပ် ၁၀ ခု၊ပြောက်ကျားလည်တိုဖိနပ် ၆ ရံ၊ ကင်းဘတ်ဖိနပ် ၆ရံနှင့်အတူ ပြောက်ကျားဦးထုပ် ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း စသည့်စာသားများဖြင့် သက္ကယ်ကျင်းရွာ မီးရှို့မှုဖြစ်စဉ်ကို စစ်ကောင်စီအသိုင်းဝိုင်းက ရေးသားဖြန့်ဝေထားကြသည်။