မာရဝိဇယ ဘုရားအား ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ထားမှုသည် မည်သည့်နေရာတွင်မျှမရှိနိုင်ဟု စစ်ကောင်စီခေါင်းဆောင်ဆို

Author လင်းခိုင်
Categories
Published on Aug 21, 2023

နေပြည်တော်တွင် တည်ထားကိုးကွယ်ထားသည့် မာရဝိဇယ ဘုရားအား ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ထားမှုသည် မည်သည့်နေရာတွင်မျှမရှိနိုင်ကြောင်း ဩဂုတ် ၂၀ ရက်တွင်ပြုလုပ်သည့် ရုပ်ပွားတော်နှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေး၌ စစ်ကောင်စီခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အနုပညာ လက်ရာများကို အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ရုပ်ပွားတော်အပါအဝင် သာသနိက အဆောက်အဦးများ၊ ရင်ပြင်တော်များနှင့် ဘုရားပရိ၀ုဏ်တော်ကြီး တစ်ခုလုံးကို စကျင်ကျောက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းကဲ့သို့ ကြီးကျယ်ခမ်းနား ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ခဲ့မှုသည်အခြား မည်သည့်နေရာတွင်မျှမရှိနိုင်ကြောင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“အန်တီတို့ကို ဘုရားဖူးသွားရမယ်လို့ ပြောတယ်။ အခုထိတော့ မခေါ်သေးဘူး။ သွားခိုင်းလို့ သွားရမယ်ဆိုလဲ သွားရမှာဘဲလေ၊ အမိန့်နဲ့ခိုင်းတာဆိုတော့” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်ဝန်ထမ်းတစ်ဦးက CJ Platform သို့ပြောကြားသည်။

အဆိုပါ မာရဝိဇယ ဘုရား၏ ပရ၀ုဏ်အတွင်းရှိ ကျောက်စာ ၇၂၀ ချပ် ဂြိုလ်တုဓာတ်ပုံတွင် စတုရန်း မညီမညာဖြစ်နေမှုအား လူအများက ဝေဖန်မှုမျာလည်းရှိခဲ့သည်။

ထို့ပြင် မာရဝိဇယ ဘုရားအား လာရောက်ဖူးမြော်လိုသူများအနေဖြင့် ဩဂုတ် ၂၀ ရက်မှ စတင်ကာ အခကြေးငွေဖြင့် ဖူးမြော်ရမည်ဖြစ်ပြီး တစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ၊ ကားရပ်နားခအဖြစ် တစ်စီးလျှင် ၂၀၀၀၀ ကျပ်နှုန်းသတ်မှတ်ထားပြီး၊ အခမဲ့ ဝင်ရောက်ခွင့်ကို စက်တင်ဘာ ၃ ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားကြောင်းလည်းသိရသည်။

“မြန်မာနိုင်ငံမှာ ရှိတဲ့ ဘုရားတွေ ဘယ်သောအခါမှ ဘုရားဖူးလို့ ဝင်ကြေးကောက်တယ်မကြားဖူးဘူး။ မင်းအောင်လှိုင် တည်တဲ့ဘုရားမှဘဲ ပိုက်ဆံပေးဖူးရတော့မယ့်အဖြစ်၊ သူတည်ထားတဲ့ ဘုရားတော့ ဘယ်သောအခါမှ မသွားဘူးလို့ ဆုံးဖြတ်ထားတယ်” ဟု လှိုင်မြို့နယ်တွင်နေထိုင်သည့် အသက် ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

မာရဝိဇယ ဘုရားအား ဩဂုတ် ၁ ရက်တွင် အနေကဇာတင်လှူပူဇော်ခြင်းနှင့် ကျော်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူခြင်း အခမ်းအနားအား ဩဂုတ် ၁ ရက်တွင်ပြုလုပ်ခဲ့ပြီးနောက် ဘုရားဖူးများစည်ကားစေရန်အတွက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများအား အလှည့်ကျစခနစ်ဖြင့် ဘုရားဖူးရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း ဝန်ထမ်းအသိုင်းအ၀ိုင်းမှ သိရသည်။