ပေါက်တွင် ကုန်သွယ်လမ်းပိတ်ထား၍ ကုန်ပစ္စည်းဝယ်ယူရခက်ခဲပြီး ဈေးတက်နေ

Author ကေဇက်
Categories
Published on Feb 06, 2024

မကွေးတိုင်း၊ ပေါက်မြို့တွင် အဓိက ကုန်စည်သယ်ယူပို့ဆောင်ရာလမ်းမကြီးတစ်ခုဖြစ်သော ပခုက္ကူ-မင်းတပ်လမ်းမ ပိတ်ထားသည်မှာ တစ်နှစ်ခန့်ကြာမြင့်လာခဲ့ပြီဖြစ်၍ ကုန်ပစ္စည်းဝယ်ယူရခက်ခဲပြီး ဈေးနှုန်းမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ပေါက်မြို့တွင် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းမှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များရှိရာ ပခုက္ကူ-မင်းတပ်လမ်း နေရာများကို ပိတ်ဆို့ထားသည့်အတွက် အခြေခံစားသောက်ကုန်များ အဝင်/အထွက်မရှိဘဲ မြို့ခံများအနေဖြင့် ယင်းမြို့အနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာဈေးဆိုင်များထံမှ ဝယ်ယူစားသုံးနေရသည်ဟု ဒေသခံများက ဆိုသည်။

 

ပေါက်မြို့အတွင်းရှိ စစ်ကောင်စီအဖွဲ့ဝင်များဘက်က နံနက် ၆ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ ၅ ရက် တစ်ကြိမ်သာဝယ်ယူခွင့်ပြုပြီး သတ်မှတ်ချိန်ကျော်လွန်ပါက ပစ္စည်းများ သိမ်းယူကြောင်း ပေါက်မြို့နေပြည်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“မြို့ပေါ်မှာတော့ ဈေးနှစ်ဆ နီးပါးလောက် ပေးဝယ်နေရတာပေါ့။ အစစအရာရာ‌ ဈေးကြီးပြီး ပစ္စည်းလည်းရှားတယ်။ ကုန်စည်စီးဆင်းမှုမရှိတော့ ပြည်သူတွေ အကြပ်အတည်းများတာပေါ့” ဟု ပေါက်မြို့ခံတစ်ဦးက ပြောသည်။

 

ပေါက်မြို့အနီးရှိ PDF များစိုးမိုးရာကျေးရွာများကလည်း လူတစ်ဦးလျှင် ဆန် နှစ်ပြည်၊ ဆီ (၅၀)ကျပ်သား၊ ငါးပိ(၂၅)ကျပ်သား၊ ဟင်းချိုမှုန့် နှစ်ထောင်ဖိုး၊ ကြက်ဥ ငါးလုံးဟူ၍ ခွဲတန်းဖြင့်သာရောင်းချပေးနေပြီး နေ့စဉ်မရောင်းချကြကြောင်း ၎င်းက ဆိုသည်။ “တချို့ဆို နီးစပ်ရာအချိတ်အဆက်နဲ့ ကုန်ပစ္စည်းတွေဝယ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းနေတယ်” ဟု ယင်းမြို့ခံက ပြောသည်။

 

ထိုသို့အရပ်သားများကို ရောင်းပေးနေသော်လည်း ၎င်းတို့ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ အရပ်ဝတ်ဖြင့် လိုက်ပါလာပြီး အန္တရာယ်ပြုမူမည်ကို စိုးရိမ်နေရကြောင်း ဒေသကာကွယ်တပ်များစိုးမိုးရာ ပေါက်မြို့အနီးရှိ ကျေးရွာတစ်ခုမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်

 

“တချို့ဆို တကယ်ဒုက္ခရောက်ပြီး ခက်ခဲလာတော့ အတင်းငိုယိုပြီး ဈေးဝယ်ခွင့်‌တောင်းတာမျိုးတွေရှိလို့ ရောင်းချ လိုက်ရမှုတွေလည်းရှိတယ်။ အမြဲတမ်းတော့ မရောင်းပါဘူး။ ခုဆို တာဝန်ရှိသူတွေက တားလို့ ပိတ်ထားလိုက်ပါပြီ” ဟု ၎င်းက ပြောဆိုသည်။

 

ပေါက်မြို့အတွင်း ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ဒေသထွက် ဆန်တစ်မျိုးဖြစ်သော မနောသုခ ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ခန့်မှ ယခုအခါ ကျပ် ၁၅၀,၀၀၀ ခန့်သို့လည်းကောင်း၊ စား‌အုန်းဆီ(ရောဆီ) တစ်ပိဿာလျှင် ကျပ် ၁၂,၀ဝ၀ ခန့်မှ ယခုအခါ ကျပ် ၂၀,၀၀၀ ခန့်သို့လည်းကောင်း ဈေးနှုန်းများမြင့်တက်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ထို့ပြင် ဒေသထွက်ဆန်ဖြစ်သော ဧရာပဒေသာ ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၆၀,၀၀၀ ခန့်နှင့် ပဲဆီ တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀ ခန့်ဈေးရှိကြောင်း သိရသည်။

 

“စစ်ကောင်စီကပိတ်ထားလို့ သွားလို့မရတဲ့အနီးက ရွာတွေမှာ ရောဆီမှ တစ်ပိဿာကို တစ်သောင်း(ကျပ်)၊ ပဲဆီတစ်ပိဿာကို တစ်သောင်းခွဲလောက်ပဲရှိတယ်။ ဆားဆို အရင်က တစ်ထုပ် ငါးရာ(ကျပ်)၊ ခုတော့ ထောင့်ခြောက်ရာ၊ ငါးပိ (၂၅)ကျပ်သားထုပ်ဆို အရင်က ငါးရာ(ကျပ်)၊ ခု သုံးထောင့်ငါးရာ၊ တချို့ဆို အချိုမှုန့်ကို ခြောက်ထောင်ထိတောင် တင်ရောင်းကြတယ်” ဟု ပေါက်ဒေသခံတစ်ဦးက ပြောသည်။

 

‌ပေါက်မြို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ အားကောင်းသော ရွာများမှာလည်း ၎င်းတို့၏ လယ်ယာထွက်သီးနှံများကို ပေါက်မြို့ပေါ်သို့ မရောင်းချတော့ဘဲ ကြားမှ တစ်ဆင့်ခံ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်နယ်မြေထဲသို့ ရောင်းချလျက်ရှိသည်ဟု ယင်းဒေသခံများက ဆိုသည်။

 

ပေါက်ဒေသခံများသည် ယခင်က မီနီထရပ်ကားသေးများဖြင့် ကျန်းမာရေးအကြောင်းပြ၍ ဈေးဝယ်ထွက်ခွင့်ရခဲ့သော်လည်း လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းမှစတင်၍ ထွက်ခွင့်မရတော့ကြောင်း၊ ယင်းမှာ စစ်ကောင်စီနှင့် ပြည်သူ့စစ်များ အဓိကရိက္ခာပို့ဆောင်နေသည့် အုန်းတောတံတားကို ကာကွယ်ရေးတပ်ဖွဲ့များဘက်က ဖျက်ဆီးလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။