ဇူလိုင် ၂၁ရက်နေ့ရဲ့ နွေဦးမှတ်တမ်း

နွေဦးတော်လှန်ရေးကာလအတွင်း နေ့အလိုက် ဖြစ်ပျက်ခဲ့တဲ့ အမှတ်ရစရာ အဖြစ်အပျက်တွေကို ပြန်လည်ဖော်ပြပေးမယ့် နွေဦးမှတ်တမ်းဆိုတဲ့ အစီစဉ်ပဲ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း နေ့အလိုက်ဖြစ်ပျက်ခဲ့တဲ့ အမှတ်ရစရာ တိုက်ပွဲအခြေအနေတွေ၊ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အမှတ်ရစရာ စစ်ရာဇဝတ်မှု အဖြစ်အပျက်တွေနဲ့ အမှတ်ရစရာ တော်လှန်ရေး လှုပ်ရှာမှုတွေကို CJ Platform က စုစည်း တင်ဆက် ပေးလိုက်ပါတယ်။
ဒီနေ့ကနေ့ ဇူလိုင် ၂၁ ရက် မှာတော့ ပြီးခဲ့တဲ့ ၄ နှစ်ရဲ့ ဇူလိုင် ၂၁ ရက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အခြေအနေတွေကို တင်ဆက်ပေးသွားမှာပါ။
တိုက်ပွဲတွေမှာဆိုရင် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဇူလိုင် ၂၁ ရက်နေ့တွေမှာ တိုက်ပွဲပေါင်း ၃၉ ခုဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင် ၂၁ ၂၀၂၁ မှာ တိုက်ပွဲ ၇ ခု၊ ဇူလိုင် ၂၁ ၂၀၂၂ မှာ တိုက်ပွဲ ၉ ခု၊ ဇူလိုင် ၂၁ ၂၀၂၃ မှာ တိုက်ပွဲ ၁၅ ခု နဲ့ ၂၀၂၄ ဇူလိုင်မှာ တိုက်ပွဲ ၈ ခုဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။
ထူးခြားတဲ့အဖြစ်အပျက်အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၁ မှာ လားရှိုးကိုထိုးစစ်ဆင်နေတဲ့ MNDAA ဆီ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး အပါအဝင် ၃၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအဖြစ်ပျက်ဟာ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ထင်ရှားတဲ့ အဖြစ်ပျက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ MNDAA အနေနဲ့ လားရှိုးမြို့ကို သိမ်းပိုက်နိုင် ခဲ့ပေမယ့် တရုတ်ဖိအားကြောင့် လက်ရှိမှာ စစ်ကောင်စီထံ မြို့ကို ပြန်လည်လွှဲအပ်လိုက်ရပါတယ်။
စစ်ရာဇဝတ်မှာဆိုရင်လည်း ပြီးခဲ့တဲ့ ၄နှစ် ဇူလိုင် ၂၁ ရက်တွေမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရသူ ၆ ဦး ရှိခဲ့ပါတယ်။
၂၀၂၁ ဇူလိုင် ၂၁ မှာ ၁ ဦးနဲ့ ၂၀၂၃ ဇူလိုင် ၂၁ မှာ ၅ ဦးဖြစ်ပါတယ်။ မီးရှို့ခဲ့တဲ့ အိမ်ခြေဟာလည်း ၄၀၀ ထက်မနည်း ရှိခဲ့ပြီးတော့ ၂၀၂၂ ဇူလိုင် ၂၁ မှာ အိမ်အလုံး ၅၀ နဲ့ ၂၀၂၃ ဇူလိုင် ၂၁ မှာ အိမ်အလုံး ၃၅၀ ဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၂၃ ဇူလိုင် ၂၁ တရက်ထဲမှာတင် မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ကျောက်ဆည်လေး၊ ဇီးဖြူပင်၊ ရေစိုတောင်၊ အောင်ချမ်းသာ၊ ရုံးပင်၊ ရှားစေးချက် စတဲ့ ရွာ ၆ရွာကို စစ်ကောင်စီက မီးရှို့ခဲ့တာကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော်မီးလောင် ဆုံးရှုံးခဲ့ရပါတယ်။