စစ်မှုထမ်းရန် သက်ပြည့်အမျိုးသား ငါးထောင်ကို ပထမဆုံးခေါ်မည်၊ အမျိုးသမီးများကို အပတ်စဉ် ၅ မှစခေါ်မည်ဟုဆို

Author ကိုထက်
Categories
Published on Mar 10, 2024

ရန်ကုန်မြို့တွင်း မြို့နယ်အချို့ရှိ လူစည်ကားရာနေရာများတွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေပါ လက်ကမ်းစာ‌စောင်များ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များက လိုက်ဝေနေကြောင်း မြို့ခံများက ပြောသည်။

 

လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်စသည့် မြို့နယ်များရှိ လူစည်းကားရာ ဈေးများတွင် စစ်‌ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံဝေငှနေခြင်းဖြစ်ကြောင်း လက်ကမ်းစာစောင်ရခဲ့သူများနှင့် မျက်မြင်တွေ့ရှိသူများက ဆိုသည်။

အဆိုပါလက်ကမ်းစာစောင်များအတွင်း စစ်မှုထမ်းဥပဒေအတွင်းပါရှိသည်များကို ထည့်သွင်းဖော်ပြထားသကဲ့သို့ ဝန်ထမ်းဖြစ်ပါက စစ်မှုထမ်းပြီးပါက သတ်မှတ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

 

ထို့ပြင် စစ်မှုထမ်းဆောင်ရန် သင်တန်းတစ်ပတ်စဉ်လျှင် ငါးထောင်ဦးခေါ်ယူမည်ဖြစ်ပြီး အမှတ်စဉ် ၁ အတွက် အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူမည်ဖြစ်ကာ အမျိုးသမီးများကို သင်တန်းအမှတ်စဉ် ၅ မှသာ ခေါ်ယူသွားမည်ဟု အဆိုပါ လက်ကမ်းစာဆောင်များအတွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

 

“သမိုင်းဈေးထဲမှာ ‌ဝေနေတာ။ အသက်တွေလည်း မေးတယ်၊ လူငယ်တွေကိုဆို ဒါလေးဖတ်ကြည့်ပေါ့။ အုပ်စုလိုက်ပဲ။ ရပ်ကွက်ထဲက ရာအိမ်မှူးတွေလည်း ပါတယ်” ဟု မရမ်းကုန်မြို့နယ်၊ (၁)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

အဆိုပါစာရွက်များကို လူငယ်များကို အဓိကပေးဝေနေပြီး ယခုရက်ပိုင်းများတွင် အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းကောက်ယူမှုများလည်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ခပ်စိတ်စိတ်ပြုလုပ်နေကြကြောင်း သိရသည်။

 

“စာရွက်လည်းရလာတယ်။ စာရင်းတွေက ဖောင်တွေဖြည့်ခိုင်းသလိုတွေပါ ကောက်တာ။ နောက်ပြီး ၁၈ နှစ်ပြည့်ပြီးတဲ့လူငယ်တွေကိုပဲ အဓိကထား အဲဒီလိုလုပ်နေတာ။ ဧည့်စာရင်းစာအုပ်တွေလည်း သိမ်းတယ်။ ဘာတွေမှန်းမသိပါဘူး” ဟု လှိုင်မြို့နယ် အမှတ်(၁၅)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ပြဌာန်းလိုက်ပြီးနောက် လာမည့်နှစ်သစ်ကူးရုံးပိတ်ရက်ပြီးပါက ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပထမအသုတ်အနေဖြင့် လူဦးရေ ငါးထောင်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။

 

၂၀၁၀ ခုနှစ်က စစ်အစိုးရ ရေးဆွဲခဲ့သော စစ်မှုမထမ်းမနေရဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အသက်ဝင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

အဆိုပါစစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုပါက အသက် ၁၈ နှစ်မှ ၃၅ အထိ၊ အမျိုးသမီးဆိုပါက ၁၈ နှစ်မှ ၂၇ နှစ်အထိ၊ ဘွဲ့ရပြီး အတတ်ပညာတစ်ခုခုတတ်မြောက်သည့် အမျိုးသားများဖြစ်ပါက ၄၅ နှစ်အထိနှင့် အမျိုးသမီးဖြစ်ပါက ၃၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းသက်မှာ ၂ နှစ်မှ ၅ နှစ်အထိဖြစ်သည်။