စစ်ကောင်စီ လက်ချက်ကြောင့် အသက်ဆုံးပါးခဲ့ရသည့် ကလေးငယ်ဦးရေ ၂၃၄ဦးထိ ရှိလာ

Author လင်းခိုင်
Categories
Published on Sep 27, 2022

စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှ လက်ရှိချိန်ထိ အသက် ၁၈နှစ်အောက် ကလေး ၂၃၄ဦးအား သတ်ဖြတ်ခဲ့ပြီး ၃၆၃ဦးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၂၆ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာသို့မြေပြင်၊ လေကြောင်းတိုမှ့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုဖြစ်စဥ် သတင်းထုတ်ပြန်ချက်တွင် အထက်ပါအကြောင်းအရာကိုထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
စက်တင်ဘာ ၁၆ရက်ကစစ်ကောင်စီသည် လက်ယပ်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်တွဲလျက်ရှိသော စာသင်ကြောင်းကို MI 35ရဟတ်ယာဥ်၊ ခြေလျင်တပ်များဖြင့် လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုကြောင့် ကလေးငယ်ခြောက်ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းများကို ပီနံအိတ်ဖြင့်ထည့်သွင်းယူဆောင်ခဲ့ကာ နောက်ကလေးငယ်တစ်ဦးသည် ရေဦးဆေးရုံ၌သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဥ်၌ ကလေးခုနှစ်ဦးနှင့် လူကြီးခြောက်ဦးသေဆုံးကာ ၂၁ဦးကိုဖမ်းဆီးသည့်အပြင် နေအိမ်များ၊ ပစ္စည်းများ၊ တိရစ္ဆာန်များကိုမီးရှို့ပြီး ဘေးအနီးအနားသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ သစ်တုံ၊ မူးဆုံ၊ မူးခံ၊ ညောင်ကြီးကုန်း၊ အင်ပင်၊ လက်ယက်ကုန်း ကျေးရွာများက ပြည်သူ(၁၈) ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရကြောင်း NUGထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီအာဏာသိမ်းယူပြီး တစ်နှစ်ကျော်ကာလအတွင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ အစုလိုက်သတ်ဖြတ်မှု၊၂၀၂၁ ဇူလိုင်လအတွင်း ကနီမြို့နယ်ရှိ တောင်ပေါက်ရွာ၊ ကြက်ချောင်းတောတိုက်ရွာ၊ ယင်းရွာ၊ ကုန်းသာရွာတို့တွင် လူ (၄၀) ကျော် သတ်ဖြတ်ခဲ့မှု၊ ယခင်နှစ် ဒီဇင်ဘာ ၇ရက်တွင် ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာ၌ ကလေးသူငယ်လေးဦးအပါ ဒေသခံ ၁၀ဦးအားသတ်ဖြတ်မှုတို့ပြုလုပ်ခဲ့ကြောင်း NUGကထုတ်ပြန်ထားသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ၌ အမျိုးသမီး၊ ကလေးငယ်နှင့် Save the Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် (၄၉) ဦးအား မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ ၂၀၂၂ ဇန်နဝါရီလ (၆) ရက်နေ့တွင် ချင်းပြည်နယ် မတူပီမြို့နယ်၌ သတင်းထောက်တစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင် (၁၁) ဦးကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၂ ဧပြီလ (၁၉) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံ ပဲရင်းတောင်ရွာ၌ အမျိုးသား (၉) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ ၂၀၂၂ ခုနှစ် မေ ၁၂ ရက်နေ့တွင် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၌ (၂၈) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းများ ကိုစစ်ကောင်စီက ကျူးလွန်ခဲ့သည်။
စစ်ကောင်စီ ကျူးလွန်ခဲ့သည့်ကြမ်းကြုတ်မှုများတွင် အသက်ပေးဆပ်ခဲ့ရသူများအားလုံး တရားမျှတမှုပြန်လည်ရရှိနိုင်ရေး သက်သေအထောက်အထားများကို စနစ်တကျစုဆောင်းကာ တရားစွဲအဖွဲ့အစည်းများသို့ ပို့ဆောင်လျက်ရှိကြောင်း NUGကဆိုထားသည်။
လူမဆန် ရက်စက်ကြမ်းကြုတ်သောဖြစ်စဥ်များ၌ ပါဝင်ပတ်သက်သူများ၊ တာဝန်ရှိသူအားလုံး ထိုက်တန်သည့်ပြစ်ဒဏ် ခံစားစေရေးအတွကိ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အစီအစဥ်များချမှတ်ဆောင်ရွက်နေပြီး ။ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားမဟာမိတ် တို့၏ စိုးမိုးထိမ်းချုပ်နယ်မြေများကို အခြေပြု၍ စစ်ရာဇဝတ်မှုကျူးလွန်သူများအား အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထိရောက်ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများကို အလျင်အမြန်ဆောင်ရွက်မှသာ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စု၏ ရက်စက်ရမ်းကားမှုကို ရပ်တန့်နိုင်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။