စစ်ကောင်စီက စစ်ဘေးရှောင်များကို လိုက်လံနှောက်ယှက်နေသည့်အတွက် ကိုးတောင်ဘို့ စစ်ဘေးရှောင်များ နေစရာအခက်အခဲဖြစ်နေ

Author မွန်လေး
Categories
Published on Oct 03, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာမှ စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်များက လိုက်လံနှောက်ယှက်နေသည့်အတွက် ဒေသခံများ နေစရာအခက်အခဲဖြစ်နေကြောင်း Kotangbo Revolution KTB-Rက ယနေ့ ထုတ်ပြန်ထားသည်။

ကိုးတောင်ဘို့ရွာအတွင်းသို့ စစ်ကောင်စီတပ်များ ကျူးကျော်ဝင်ရောက်တပ်စွဲထားသည်မှာ ခြောက်လကျော်ကြာမြင့်နေပြီး ဒေသခံအများစုသည် ရွာအတွင်းသို့ ပြန်မဝင်သေးဘဲ စစ်ဘေးရှောင်နေကြခြင်း ဖြစ်သည်။

ထိုကဲ့သို့ အနီးအနားတောထဲတွင် စစ်ဘေးရှောင်နေကြသည့်ဒေသခံများကို စစ်ကောင်စီတပ်များက လိုက်လံရှာဖွေကာ တဲများကိုမီးရှို့မှုများပြုလုပ်သည့်အတွက် စစ်ဘေးရှောင်တဲ လေးလုံးမီးလောင်ပျက်စီးခဲ့ကြောင်း KTB-Rကထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ဒီကောင်တွေရှိနေသ၍ ရွာထဲမဝင်ဖူး”ဟု ဒေသခံတစ်ဦးက KTB-Rသို့ ပြောကြားထားသည်။

ကိုးတောင်ဘို့ ဒေသခံရွာသားများကို စစ်ကောင်စီက ရွာထဲပြန်ဝင်ရန်ဖိအားပေးနေပြီး မဝင်ပါက ရွာသားများကို သူပုန်ဟုသတ်မှတ်ကာ ထပ်မံမီးရှို့မည်ဟု ခြိမ်းခြောက်မှုများကိုလည်း ဆက်လက်ပြုလုပ်နေသည်။