ကျောက်တော်ရှိ ခမရ (၃၇၆)တပ်ရင်းနှင့် မြောက်ဦးရှိ ခမရ(၃၇၈) တပ်ရင်းတို့ကို AA အပြီးသတ် သိမ်းပိုက်

Author အဂ္ဂ
Categories
Published on Feb 06, 2024

ရခိုင်ပြည်၊ ကျောက်တော်အခြေစိုက် အမှတ် (၃၇၆) ခြေမြန်တပ်ရင်း ( ခမရ ၃၇၆) နှင့် မြောက်ဦးမြို့အခြေစိုက် အှတ် (၃၇၈) ခြေမြန်တပ်ရင်း (ခမရ ၃၇၈) တို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုတပ်ရင်းနှစ်ရင်းလုံးသည် စစ်ကောင်စီ၏ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) လက်အောက်ခံများ ဖြစ်ကြပြီး ခမရ(၃၇၆) ကို ဖေဖော်ဝါရီလ (၂) ရက်နေ့ နေ့လယ် (၂) နာရီခန့်တွင် လည်းကောင်း၊  ခမရ (၃၇၈)ကိုမူ ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက် (၉) နာရီ (၃၀) မိနစ်ခန့်တွင်လည်းကောင်း ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

 

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့များရှိ လက်နက်ချ အညံ့မခံသေးသည့် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသဖြင့် တိုက်ပွဲများပြင်းထန်နေပြီ လက်ကျန်တပ်စခန်းများအနက် အထက်ဖော်ပြပါ စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ သို့သော် လက်နက်သိမ်းဆည်းရမိမှု အခြေအနေနှင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေများကိုမူ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

 

ရက္ခိုင့်တပ်တော်သည် မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်းဖြစ်သည့် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း ဖေဖော်ဝါရီလ (၄) ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်သားအချို့မှာ လက်နက်များနှင့် တကွ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြပြီး အရေအတွက်အတိအကျ မသိရသေးဟု ဆိုသည်။

 

တောင်ပြို( လက်ယာ) စခန်းကို ဖေဖော်ဝါရီလ (၄) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်စဉ်ကလည်း စစ်ကောင်စီတပ်သားနှင့် နယ်ခြားစောင့်ရဲ (၆၀) ခန့်သည် လက်နက်များနှင့်တကွ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသေးသည်။

 

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးဝင်ရောက်လာခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Dhaka Tribune သတင်းစာတွင်လည်း ဖော်ပြထားသည်။

 

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) အရာရှိ ရှာရီဖူး အစ္စလာမ် (Shariful Islam)က မြန်မာနိုင်ငံမှ  စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့် နယ်ခြားစောင့်ရဲများသည် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၄ ရက်) နေ့ နံနက်ပိုင်းမှ စတင်တာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာကြခြင်းဖြစ်ပြီး ထိုနေ့ညနေပိုင်းတွင် (၃၈) ဦး၊ ထိုနေ့ည (၈) နာရီခန့်တွင် (၅၈)ဦး အထိရှိခဲ့ပြီး၊ ယမန်နေ့တွင် (၃၈) ဦး ထပ်မံဝင်ရောက် ခိုလှုံလာသည်ဟု ပြောဆိုကြောင်း Dhaka Tribune သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

 

ထိုသို့ဝင်ရောက်လာသူများကို BGB က လက်နက်ဖြုတ်သိမ်းထားပြီး ဒဏ်ရာရရှိလာသည့် (၁၅) ဦးကို ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ပေးနေသည်ဟုလည်း သိရသည်။

 

လက်ရှိတွင် ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ ပတ်ဝန်းကျင်တို့တွင်မူ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်မှု သိပ်မရှိသော်လည်း စစ်ကောင်စီကမူ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

 

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာ (၁၃) ရက်နေ့ကတည်းက ရက္ခိုင်ပြည်နှင့် ချင်းပြည် ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ချင်းပြည် ပလက်ဝဒေသတစ်ခုလုံး၊ ရခိုင်ပြည် ကျောက်တော်မြို့နယ်နှင့် ရခိုင်ပြည်အနှံ့အပြားရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းများ၊ တပ်ရင်းစခန်းများအပါအဝင် အခြေစိုက်စခန်းပေါင်း (၁၇၀) ကျော် အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်သည်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာညွှန်း – ကျောက်တော်ရှိ အမှတ် (၃၇၇) အမြောက်တပ်နှင့် ခမရ (၅၃၉) တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်က ဇန်နဝါရီ (၁၄) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့စဉ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ပုံအဟောင်း)