ကြွယ်ပုံရွာအနီး တိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီပူးပေါင်း ဒရုန်းဖြင့် တိုက်ခံရ

Author မင်းထက်
Categories
Published on Dec 08, 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ  ထွက်ခွာလာသော ပျူစောထီးများနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား ပစ်ခတ်မှု ဖြစ်ပွားရာ ပျူ၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိကြောင်း ၊ တိုက်ပွဲအတွင်း စစ်ကူလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကို Someday က CJ Platform သို့ ပြောသည်။

 

ဒီဇင်ဘာလ (၆) ရက်နေ့တွင် ကြွယ်ပုံပျူစောထီးရွာမှ  ထွက်ခွာလာသော ပျူစောထီးများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကြွယ်ပုံရွာမှ ပျူစောထီးအဖွဲ့ဝင် ဦးဇော်ဦးဆိုသူ သေဆုံးခဲ့ကြောင်း ၊ ၄င်းကိုင်ဆောင်သော G-3 အမျိုးအစား လက်နက် ၁ လက်၊ ကျည်ဘောက် ၂ ခုနှင့် ကျည် ၁၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

“အခု မစ်ရှင်က ကြွယ်ပုံ ပျူရွာနားလေးမှာဘဲ ဆောင်ရွက်ခဲ့တာပါဗျ။ ဒါ့ကြောင့် စစ်ကူကလဲ ခဏတင်ရောက်လာတယ်။ စစ်ကူလာတာက အယောက် ၃၀ကျော်လောက် ထွက်လာတာဗျ။ နောက်ထွက်လာတဲ့ စစ်ကူတွေကိုတော့ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ် ။ အထိခိုက်ရှိခဲ့ပါတယ်”  ဟု PHOENIX (SGG) တာ၀န်ခံက CJ Platform သို့ပြောသည်။

 

တိုက်ပွဲအတွင်း စစ်ကူလာသော အင်အား (၃၀) ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးသီးလေးလုံးချ ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ​ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို PHOENIX (SGG)၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Young People Defence Forcel Fight For Federal Royal Falcon Guerrilla Force စစ်ကိုင်းခရိုင် တပ်ရင်း(၇) နှင့်တော်လှန်ရေး အင်အားစု များက ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့

Related News

Depend on news