ပလက်ဝတွင် ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တာကြောင့် ကူးစက်ရောဂါနဲ့ သေဆုံးမှုတွေ ရှိလာ

Author CJ Platform
Categories
Published on Sep 22, 2025

ရခိုင်ပြည်နဲ့ ချင်းပြည်အစပ်မှာ ရှိတဲ့ ပလက်ဝမြို့နယ်မှာ ကူးစက်ဝမ်းရောဂါနဲ့ ရာသီတုပ်ကွေး ဖြစ်ပွားနေချိန် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု၊ ဆေးဝါးပြတ်လပ်မှုတွေ ရှိနေတာကြောင့် ကလေးအပါအဝင် ဒေသခံပြည်သူအချို့ သေဆုံးမှုတွေ ရှိနေပါတယ်။

 

စက်တင်ဘာ ပထမပတ်နဲ့ ဒုတိယပတ် နှစ်ပတ်တာကာလအတွင်းမှာပဲ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားပြီး ဆေးကုသမှု မရတာကြောင့် ပလက်ဝမြို့နယ်မှာ အသက် ၁ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် ကျန်းမာရေးအသိပညာပေးတာတွေ မရတော့သလို ရောဂါဖြစ်တဲ့အခါမှာ ဆေးဝယ်မရတာကြောင့် မသေသင့်ဘဲ သေနေရတယ်လို့ ပလက်ဝဒေသခံ ကိုခူမီးက CJ Platform ကို ပြောပါတယ်။

 

ပလက်ဝမြို့နယ် နယ်မြေအများစုကို အာရက္ခတပ်တော် (ULA/AA) က ထိန်းချုပ်ထားသလို ပလက်ဝကောင်စီ၊ ဒိုင်ရ်ဒေသန္တရကောင်စီ စတဲ့ ထိန်းချုပ်နယ်မြေလည်း ရှိပြီး အဲဒီအဖွဲ့တွေကလည်း သူတို့ ထိန်းချုပ်နယ်မြေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးပေမယ့် ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆေးဝါးမရှိမှုတို့ကြောင့် လုံလောက်စွာ ကျန်းမာရေးဝန်ဆောင်မှုတွေ မပေးနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။

 

ဒေသခံတွေဟာ မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွေမှာ သွားရောက် ဆေးကုသနေရပြီး ဒီလိုဆေးကုသရာမှာ ကုသစရိတ်ထက် လမ်းစရိတ်က ပိုများနေတယ်လို့ ကိုခူမီးက ပြောပါတယ်။

 

စစ်တပ်အာဏာမသိမ်းခင် ကတည်းက ပလက်ဝမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်မှုမရှိခဲ့တာပါ။ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ကြတာတွေ ရှိပြီး ULA/AA က မြို့ကို သိမ်းပိုက်ပြီးနောက်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ် လိုအပ်နေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ- CJ

ပုံစာ – ပလက်ဝမြို့ရှိ ဆေးရုံတစ်ခုကို မြင်ရပုံ (ပုံဟောင်း)

 

Related News

Depend on news