စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လက်ရှိအခြေအနေတွေကို ပြေလည်စေမှာမဟုတ်ဘူးလို့ NUG ပြော

Author CJ Platform
Categories
Published on Jul 01, 2025

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ပြေလည်စေမှာ မဟုတ်ဘူးလို့ ဒီကနေ့ထုတ်လွှင့်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

 

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတွေဟာလည်း ပြည်သူ့ထောက်ခံမှုမရှိတဲ့ ပါတီတွေဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းတောင် မရတဲ့ ပါတီတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဒီတရားမဝင် အတုအရောင် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မိမိတို့ ပင်မလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဏ်နဲ့ နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်း ဆက်လက်ရပ်တည် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ဖို့နဲ့ ဝိုင်းဝန်း ဆန့်ကျင်ကြဖို့ကိုလည်း သူက တိုက်တွန်းသွားပါတယ်။

 

စစ်ကောင်စီအနေနဲ့ ဟန်ပြ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြုလုပ်နေပြီး တစ်ဖက်မှာလည်း ပြည်သူလူထုကို ညှင်းပန်း နှိပ်စက်နေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ ဇွန်လ ၂၀ ရက်နေ့အထိ ၉၈၂ ကြိမ်ရှိခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ ၆၀၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၃၀၈ ဦးရှိခဲ့တယ်လို့ အတည်ပြုပြောဆိုပါတယ်။

 

စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အာဏာမရှိဘဲ ပြည်သူ့သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရား ရယူရန် ကြိုးစားခြင်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။

 

ဒါကြောင့် ပြည်သူလူထုအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေကြသူတွေအားလုံးကို တော်လှန် ဆန့်ကျင်ကြဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းထားပါတယ်။