၅၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးနေပြီဖြစ်တဲ့ ပုသိမ်ထောင်အသစ်က နိုင်ငံရေး အကျဉ်းသားတွေကို ပိုပြီးဖိနှိပ်ဖို့လား

Author မျိုးနေ
Categories
Published on May 31, 2025

၂၀၂၃ ခုနှစ်ကစပြီး ပုသိမ်မှာ ထောင်အသစ်တစ်ခုကို စတင်တည်ဆောက်နေပြီး ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေအရ လက်ရှိမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဒီအကျဉ်းထောင်အသစ်ဟာ မြို့နဲ့အလှမ်းဝေးတဲ့ ရွှေမြင်တင်ကျေးရွာအုပ်စု ညောင်းဝိုင်းကျေးရွာနဲ့ ဇင်းပြွန်းကုန်းကျေးရွာအုပ်စု ကညင်နီကုန်းကျေးရွာကြားမှာ တည်ဆောက်နေတာဖြစ်ပါတယ်။

ပုသိမ် အကျဉ်းထောင်သစ်ကို ၁.၃. ၂၀၂၅ တွင် ဂြိုဟ်တုဓာတ်ပုံမှ တဆင့်မြင်တွေ့ရစဉ်

 

စစ်တပ်များ ဝန်းရံထားသည့် ထောင်သစ်တည်နေရာ

 

လက်ရှိအသုံးပြုနေတဲ့ ထောင်ဟောင်းနဲ့ဆိုရင် ၈ မိုင်နီးပါး ဝေးပြီး၊ အကျယ်အဝန်းကတော့ ထောင်ဟောင်း ၁၂ ဧကကျော်ထက် အနည်းငယ်ပိုကြီးကာ ၁၅ ဧကကျော် ရှိပါတယ်။ အသစ်တည်တည်ဆောက်နေတဲ့ အကျဉ်းထောင်ရဲ့ ပတ်ဝန်းကျင်မှာ စစ်တပ်တွေ ဝန်းရံထား တာကို တွေ့ရပါတယ်။

အကျဉ်းထောင်ဟောင်းနဲ့ အကျဉ်းထောင်သစ်ကြား အကွာအဝေး

                      

 

ထောင်ရဲ့ တောင်ဘက်မှာ တပ်မ (၆၆) လက်အောက်ခံ (ခလရ ၁၁)၊ အရှေ့ဘက်မှာ စစ်မှုထမ်းသင်တန်းပေးနေတဲ့ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၆)၊ မြောက်ဘက်အနီးဆုံးမှာ မြဝတီထပ်ဆင့်လွှင့်စက်ရုံ၊ ထပ်ဆင့်လွှင့်ရုံကာကင်းစခန်းနဲ့ အမှတ် (၉) အလုပ်ရုံဆက်သွယ်ရေးတပ် (လဆရ ၉) တို့ရှိပါတယ်။ ဒီအကျဉ်းထောင်ဝန်းကျင်မြေတွေဟာ တပ်ပိုင်မြေတွေဖြစ်ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) နဲ့လည်း တဆက်တစပ်တည်း တည်ရှိနေပါတယ်။

စစ်တပ်များဝန်းရံထားသည့် တည်ဆောက်ဆဲ ပုသိမ်အကျဉ်းထောင်အသစ်

 

ထောင်အသစ်တည်ဆောက်ရခြင်း၏ အကြောင်းရင်းများ

 

အကျဉ်းထောင်အသစ် တည်ဆောက်ရတဲ့ အခြေအနေကို လေ့လာကြည့်တဲ့အခါမှာ အခြေအနေ ၂ခု ကိုတွေ့ရပါတယ်။ 

 

ပထမအချက် ကတော့ ထောင်ဟောင်းတည်နေရာဟာ မြေဈေးကောင်းတဲ့ ပုသိမ်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ရှိနေတဲ့အတွက် မြေရောင်းစားလို တာဖြစ်ပါတယ်။ ဦးသိန်းအောင်တိုင်းအစိုးရလက်ထက်ကတည်းက ထောင်နေရာပြောင်းပြီး မြေရောင်းဖို့ လုပ်ခဲ့ပေမဲ့ အကျဉ်းထောင်ပိုင် လယ်မြေတွေကိုသာ ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိမှာဆိုရင် တရားဝင်ထုတ်ပြန်ထားတဲ့ ရာဖြတ်စျေးနှုန်းတွေအရ အကျဉ်းထောင်ပတ်ဝန်းကျင်ရှိမြေတွေဟာ တစ်စတုရန်းပေကို အနိမ့်ဆုံး ကျပ် ၂သောင်းခွဲကနေ ကျပ် ၄ သောင်းအထိရှိပါတယ်။ 

 

ဒုတိယအချက် ကတော့ ထောင်ဟောင်းဟာ လူနေရပ်ကွက်တွေကြားမှာရှိတဲ့အတွက် ထောင်အတွင်းက သတင်းတွေ အပြင်ကို ရောက်ရှိဖို့လွယ်ကူ နေတာကို တားဆီးလိုတာဖြစ်ပါတယ်။ ဒါကြောင့် လူနေကျေးရွာတွေနဲ့ဝေးပြီး စစ်တပ်ဝန်းရံထားတဲ့နေရာကို ပြောင်းရွှေ့ကာ သတင်းအမှောင်ချလို တာဖြစ်ပါတယ်။

 

အကျဉ်းထောင်ပိုင်မြေများကို ရောင်းချပြီးနောက် အပြောင်းအလဲဖြစ်သွားပုံ

 

(ဒီနေရာမှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ် အကျဉ်းထောင်ပိုင်မြေများကို ရောင်းချပြီးနောက် အပြောင်းအလဲဖြစ်သွားပုံ

 

နိုင်ငံရေးအကျဉ်းသားများအပေါ် စိုးရိမ်မှုများ

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ဟောင်းနေရာကိုရောင်းချဖို့နဲ့အတူ ထောင်အသစ်ဆောက်ပြီးပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီး ဖိနှိပ်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပုသိမ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးခဲ့ရဖူးပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ သေဒဏ်ချမှတ်ခံထားရတဲ့ CDM ကျောင်းဆရာတစ်ဦးရဲ့အခြေအနေနဲ့ပတ်သက်ပြီး နိုင်ကျဉ်း ၈ ဦး ကန့်ကွက်ရာကနေစပြီး နောက်နေ့မှာ ထောင်ဝန်ထမ်းတွေနဲ့ အဓိကရုဏ်းဖြစ်ခဲ့တာပါ။ ဒီအဓိကရုဏ်းအတွင်း ထောင်အာဏာပိုင်တွေက လူသေစေနိုင်တဲ့လက်နက်တွေနဲ့ပစ်ခတ်တာ၊ အသံဗုံးခွဲတာ၊ အုပ်စုဖွဲ့ရိုက်နှက်တာ တွေလုပ်ခဲ့လို့ အသက် ၃၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး သေဆုံး ခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွင်းနဲ့ ဖြစ်စဉ်အပြီးမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ညှဉ်းပန်းမှုတွေရှိခဲ့ပြီး အနီးပတ်ဝန်းကျင် ဒေသခံတွေကပါ ကြားခဲ့ရပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာပဲ ပုသိမ်အကျဉ်းထောင်အသစ်ကို အလျင်အမြန် ဆောက်လုပ်လာတာကို ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံတွေအရ တွေ့ရပါတယ်။

 အကျဉ်းထောင်အသစ် အလျင်အမြန်ဆောက်လုပ်လာသည်ကို ဂြိုဟ်တုမှတ်တမ်းများအရ တွေ့မြင်ရပုံ

 

ပိုမိုဆိုးရွားလာသည့် ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများ

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်လာနေပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းမှာ စစ်ရေးတင်းမာလာတာနဲ့အမျှ ပုသိမ်ထောင်မှာ စစ်ဆေးရေးတွေ တင်းကျပ်ထားတယ်လို့သိရပါတယ်။ ဘတ်ဂျက်လျော့နည်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အစားအသောက်တွေ လျှော့ကျွေးနေပြီး ကျွေးတဲ့ထမင်းတွေဟာ နေအပူဒဏ်ကြောင့် ရံဖန်ရံခါ သိုးနေတာ၊ ကြက်သားနဲ့ကြက်ဥမကျွေးဘဲ ငါးဒန်ကို တပတ် ၄ ရက် ညနေပိုင်းကျွေးပြီး မသန့်ရှင်းတဲ့အတွက် စားမရအောင် နံစော်နေတာ တွေရှိနေတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ဇန်နဝါရီကနေ ၂၀၂၅ ဧပြီလအထိ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား ၅၁ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒီအထဲမှာ ပုသိမ်ထောင်က နိုင်ကျဉ်းတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် ပုသိမ်အကျဉ်းထောင်အပါအဝင် အကျဉ်းထောင် ၇ ခုမှာ ထောင်တွင်းဆန္ဒပြမှု ၇ ကြိမ်ဖြစ်ခဲ့ပြီး ရက်ရက်စက်စက် ဖြိုခွင်းခံရလို့ အကျဉ်းသား ၁၅ ဦး သေဆုံး ခဲ့ရတယ်လို့ PPNM စာရင်းတွေအရ သိရပါတယ်။

 

အကျဉ်းထောင်သစ်သို့ ပြောင်းရွှေ့ခြင်း၏ အန္တရာယ်

 

အသစ်ဆောက်လုပ်နေတဲ့ ပုသိမ်အကျဉ်းထောင်သစ်ဟာ လူနေထိုင်ရာ ကျေးရွာတွေနဲ့ ဝေးကွာပြီး စစ်တပ်တွေ ပတ်လည်ဝိုင်းထားတဲ့နေရာမှာ တည်ရှိတဲ့အတွက် အကျဉ်းသားတွေကို အဲဒီနေရာကို ပြောင်းရွှေ့လိုက်ပါက ထောင်အတွင်းအခြေအနေတွေကို စုံစမ်းလေ့လာဖို့ ပိုပြီးခက်ခဲသွားနိုင် ပါတယ်။ အနီးအနားမှာ စစ်တပ်ရှိနေတာကလည်း အကျဉ်းထောင်အပေါ် စစ်တပ်ရဲ့လွှမ်းမိုးမှုတွေ ရှိလာနိုင် ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေများလာနေချိန်မှာ မြို့နဲ့အလှမ်းဝေးပြီး စစ်တပ်နယ်မြေအတွင်း အကျဉ်းထောင်အသစ်ဆောက်လုပ်ပြီး ပြောင်းရွှေ့ဖို့လုပ်လာတာဟာ ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီး စိုးရိမ်စရာအခြေအနေ ကို ဖြစ်ပေါ်စေပါတယ်။

 

ပုသိမ်အကျဉ်းထောင်သစ်ကို ဘယ်လို အသုံးပြုလာနိုင်လဲ

 

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးတဲ့ မြို့တွေမှာ အကျဉ်းထောင်တွေကို ဖွင့်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ကယ်ထုတ်ခဲ့တဲ့ ဖြစ်စဉ်တွေ များစွာ ရှိပါတယ်။ နေရာအနှံ့ တော်လှန်ရေးထိုးစစ်တွေ မြင့်တက်လာချိန်မှာ စစ်ကောင်စီဟာ အရေးကြီး နိုင်ငံရေးအကျဉ်းသားတွေကို သူတို့နဲ့ လက်လှမ်းဝေးရာ ဒေသတွေမှာ ဖမ်းဆီးချုပ်နှောင်ထားတာထက် သူတို့ များစွာ စိုးမိုးထားနိုင်တဲ့ ပုသိမ်အကျဉ်းထောင်သစ်ကို ရွေးချယ်လာနိုင်ပါတယ်။ ဒါ့အပြင် မတ်လ ၂၈ရက်နေ့မှာ ဖြစ်ပွားခဲ့ အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ စစ်ကောင်စီရဲ့ အဆောက်အဦ အများစု ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ နေပြည်တော် အကျဉ်းထောင်ရဲ့ ထိခိုက်ပျက်စီးမှုတွေကို စစ်ကောင်စီက တရားဝင် ထုတ်ပြန်လာတာ မရှိသေးပါဘူး။ လက်ရှိ တည်ဆောက်နေတဲ့ ပုသိမ်အကျဉ်းထောင်ဟာ စစ်တပ်ရဲ့ နယ်နိမိတ်ထဲမှာ ရောက်ရှိနေတာမို့ စစ်ကောင်စီဟာ ပုသိမ်အကျဉ်းထောင်အသစ်ကို တည်ဆောက်နေတာဟာ ကောင်းသော ရည်ရွယ်ချက် ရှိမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။