NUG ၏ တပတ်တွင်း မိုးလေဝသခန်းမှန်းချက် ဆောင်းလက္ခဏာပြရမည့်အချိန်ဖြစ်သော်လည်း အယ်နီညိုကြောင့် ဆောင်းလက္ခဏာမျိုး ပြနိုင်ခြေနည်းပါး

Published on Dec 11, 2023

ယခုတစ်ပတ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၇ ရက်နေ့အတွင်း ဆောင်းလက္ခဏာပြရမည့် အချိန်ဖြစ်သော်လည်း အယ်နီညို အကျိုးသက်ရောက်မှု ရှိနေသဖြင့် ပုံမှန်ဆောင်းလက္ခဏာမျိုး ပြနိုင်ခြေနည်းပါးကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

 

ထို့ပြင် တောင်ဘက်ပင်လယ်ပြင်မှ ပူနွေးသောပင်လယ်ရေငွေ့ပို့လွှတ်မှုကို မကြာမကြာရနိုင်သဖြင့် ဆောင်းကာလသည် တိမ်ရိပ်တိမ်လိပ်များဖြင့် အုံ့မှိုင်းလျက် အအေးဓါတ်လျော့ကျပြီး မကြာမကြာပြန်နွေးလာသဖြင့် သီးနှံဖျက်ပိုးမွှားများ ပေါက်ပွားနှုန်း များစေနိုင်သဖြင့် ဆောင်းသီးနှံစိုက်တောင်သူများ သတိပြုရန်လိုကြောင်း ဖော်ပြထားသည်။

 

အဆိုပါ ပူနွေးသောပင်လယ်ရေငွေ့များကြောင့် လေပွေလှိုင်းများနှင့် လေဖိအားနည်းရပ်ဝန်းများ မကြာခဏဖြစ်ပေါ်စေသော ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပေါ် တိုက်ရိုက်ပြင်းပြင်းထန်ထန် မထိခိုက်နိုင်သော်လည်း မြန်မာနိုင်ငံ ဒေသတချို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးဖွဲလေးများရွာနိုင်ပြီး မြန်နိုင်ငံအထက်ပိုင်းဒေသများတွင် နံနက်ပိုင်းမြူထူများလည်း ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။