NUG အနေဖြင့် မြေပြင်တွင် တကယ်အလုပ်လုပ်နေသည့် အဖွဲ့များကို စီစစ်ပြီး လက်နက်များထောက်ပံ့သင့်ဟု တော်လှန်ရေးရဲဘော်များပြောကြား

Author လင်းခိုင်
Categories
Published on Feb 05, 2023

NUG အနေဖြင့် မြေပြင်တွင် တကယ်အလုပ်လုပ်နေသည့် အဖွဲ့များကို စိစစ်ပြီး လက်နက်များ ထောက်ပံ့သင့်ကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များက CJ Platform သို့ပြောကြားသည်။

လက်ရှိတွင်လည်း မြေပြင်တော်လှန်ရေးအင်အားစု အများအပြားသည် ပြည်သူများထံမှ အလှူခံရရှိသည့်ငွေများဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းပြီး စစ်ကောင်စီကို တွန်းလှန်ခြင်းများ ပြုလုပ်လျက်ရှိသည်။

“အချို့အဖွဲ့စည်းတွေ တကယ် အလုပ်လုပ်ကြတယ်ဗျ၊ အလုပ်လုပ်တဲ့ အပေါ်မူတည်ပြီး နည်းလမ်းတွေတော့ လိုအပ်မယ် ထင်ပါသေးတယ်။ အစိုးရတရပ်ဆိုတာက လက်နက်ချပေးယုံနဲ့ မပြီးဘူးလေ၊ အကြိမ်ကြိမ် စီစစ်ရမှာ” ဟု Triple Two Task Force အဖွဲ့မှ ကိုနေကြီးက ပြောကြားသည်။

ယခု နောက်ပိုင်းတွင် အလှူရှင်များမှ ဘယ်တပ်ရင်း၊ ဘယ်ခရိုင် ၊ NUG မှ အသိမှတ်ပြုလားဆိုသည့် မေးမြန်းမှုများ ရှိနေကြောင်းလည်း ယင်းက ဆက်လက်ရှင်းပြသည်။

“ကျွန်တော်တို့ NUG အစိုးရကြီးပဲ အားကိုးလို့မရဘူး။ ကျွန်တော်တို့က Local အဖွဲ့ပါ၊ ဒါပေမယ့် NUG အသိအမှတ် ပြုခံရတဲ့အဖွဲ့ပါ၊ အပွင့်လင်းဆုံးပြောရရင် NUG အစိုးရကို လိုက်မရှာဘူး။ ကိုယ့်အလုပ်ပဲ ကိုယ့်နည်းလမ်းမှန်မှန် လုပ်တယ်။ စစ်ကောင်စီကို ရသမျှနည်းနဲ့ တော်လှန်တယ်။ ချပေးတာ မပေးတာက သူ့အပိုင်း လုပ်တာ၊ မလုပ်တာက ကိုယ့်အပိုင်း” ဟု ကိုနေကြီးက ပြောကြားသည်။

သပိတ်ကျင်းအခြေစိုက် Local PDF တစ်ခုဖြစ်သည့် တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့အနေဖြင့် အလှူခံရရှိသည့် ငွေများဖြင့် လက်လုပ်သေနတ်များ၊ မောင်းပြန်အနည်းငယ်နှင့် စစ်ကောင်စီကိုတော်လှန်နေပြီး NUG ထံမှ မည်သည့် အထောက်အပံ့မှ ရရှိခြင်းမရှိသေးကြောင်း ယင်းအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မျက်ပြူးက ပြောကြားသည်။

“NUG စီကနေ ဘာမှ မရသေးဘူး။ တောဆင်ရိုင်းအနေနဲကတော့ ခရိုင်ပကဖက ပေးထားတဲ့ ဂန်းနှစ်လက်ကလွဲပြီး ဘာမှ မရှိသေးဘူး” ဟု ဗိုလ်မျက်ပြူးက ပြောကြားသည်။

အညာဒေသရှိ တော်လှန်ရေးတပ်ဖွဲ့အများစုသည် လက်လုပ်သေနတ်များ၊ မိုင်းများဖြင့် စစ်ကောင်စီကို တော်လှန်နေခြင်းဖြစ်ပြီး၊ တိုက်ပွဲဖော်ဆောင်ရာတွင်လည်း ကျည်မလုံလောက်သည့် အခက်အခဲများကြောင့် စစ်ဆင်ရေးလုပ်ဆောင်ရာ၌ အခက်အခဲများစွာ ရှိနေကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ တကယ်လိုတာ ကျည်ပါ ၊ ပြည်တွင်း ပြည်ပ အလှူရှင်တွေကို ပြောပြချင်တာက တပ်ရင်း၊ တပ်မတွေမှ မဟုတ်ဘူး။ တကယ်အလုပ်လုပ်တဲ့ အဖွဲ့စည်းဆိုရင် စိစစ်ပြီးလှူပေးပါလို့ပြောချင်ပါတယ်” ဟု ကိုနေကြီးက ပြောကြားသည်။

လက်ရှိတွင် NUG အနေဖြင့် တောင်ပိုင်းတိုင်းစစ်ဒေသတွင် ကော်ဘရာစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဗီနွန်စစ်ကြောင်းနှင့် ဆင်ဖြူစစ်ကြောင်းတို့ကို လက်နက်များ ထောက်ပံ့ပေးထားပြီး၊ အညာဒေသတွင်လည်း NUG လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့အချို့ကို လက်နက်များ ပေးအပ်ထားကြောင်းလည်း သိရသည်။