“NUG ပညာရေးအရိပ် ဘယ်လောက်အေးမလဲ”


မြန်မာနိုင်ငံမှာ စစ်ကျွန်ပညာရေးကနေ ရုန်းထွက်ဖို့ ကြိုးစားနေဆဲ လမ်းခုလတ်မှာတင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် ပညာရေးစနစ်ဟာလည်း စစ်ဖိနပ်အောက် တဖန် ပြန်ရောက်ခဲ့ရပါတယ်။

 

၂၀၂၁ အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အခြေခံနဲ့ အဆင့်မြင့်ပညာကဏ္ဍတွေက ဆရာ/ဆရာမတွေအပြင် ကျောင်းသား/သူတွေပါ စစ်အာဏာရှင်လက်အောက် မသင်ကြား/မသင်ယူလိုကြလို့ စာသင်ခန်းတွေထဲက ထွက်လာခဲ့တဲ့အတွက် ပညာရေးယန္တရားကြီး ရပ်တန့်ခဲ့ရပါသေးတယ်။ အဲဒီလို စစ်ကျွန်ပညာရေးမသင်ကြားလိုသူနဲ့ မတတ်မြောက်လိုသူတွေဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန(MOE)ရဲ့ ပညာ့အရိပ်ဆီကို ခိုလှုံခဲ့ကြပါတယ်။

 

NUG-MOE ဟာ အာဏာသိမ်းပြီးချိန်ကစလို့ အခုထိ အခြေခံနဲ့ အဆင့်မြင့်ပညာတွေကို အတန်းမျိုးစုံ၊ နည်းမျိုးစုံနဲ့ သင်ကြားပေးနေခဲ့တာပါ။ သို့ပေမဲ့ စစ်ကောင်စီရန်ကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ပညာသင်စနစ်ဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။

 

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (NUG- MOE) ဘက်ကလည်း ကြားကာလတက္ကသိုလ်ကောင်စီ(UIC)တွေဟာ ၂၀၂၁ ခုနှစ်ကတည်းက တစ်ကျောင်းချင်းစီအလိုက် ပုံမှန်တန်း (Formal Course_Degree Program) နဲ့ ကာလတိုသင်တန်းတွေ (Short Course_Certificate/ Diploma Program) ကို ပညာရှင်အင်အား၊ သင်ကြားမယ့် ဆရာ၊ဆရာမတွေနဲ့ သင်ယူမယ့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ လုံခြုံရေးအရ သိုသိပ်စွာ ဖွင့်လှစ်သင်ကြားနေခဲ့တာဖြစ်တယ်လို့ CJ Platform သတင်းဌာနဘက်ကို အတည်ပြုပြောဆိုပါတယ်။

 

ဒီလိုသိုသိုသိပ်သိပ်လုပ်ခဲ့ရတာကြောင့် CDM ကျောင်းသားတွေ သတင်းအချက်အလက်ရရှိမှုနည်းပါးပြီး သိသူနည်းလို့ တက်ရောက်သူရှားခဲ့ရပါတယ်။

 

“ကျွန်တော်က  အွန်လိုင်းကနေသင်ကြားပေးနေတဲ့ ကျောင်းတွေ ရှိနေတယ်ဆိုတာမသိခဲ့လို့ ပညာဆက်မသင်ဘဲ လုပ်ငန်းခွင်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေခဲ့တာ အခုထိပါဘဲ” လို့ မန္တလေးမြို့က CDM ကျောင်းသားလေးတစ်ဦးက ပြောလာပါတယ်။

 

အဲဒီလို လူမသိ၊ သူမသိ ပညာရေးကို ရုန်းကန်ရင်း ၂၀၂၃-၂၄ ပညာသင်နှစ်မှာတော့ အဆင့်မြင့်ပညာရေးစနစ်ကို တက္ကသိုလ် ၁၆ ခုကနေ ခေါ်ယူခဲ့ကြပါတယ်။

 

ဒီတက္ကသိုလ်တွေမှာ ပုံမှန်တက္ကသိုလ်တွေလိုပဲ နှစ်သက်ရာဘာသာတွေကို ရွေးချယ်သင်ယူနိုင်နေပြီဖြစ်ပါတယ်။

 

အဲဒီတက္ကသိုလ် (၁၆) ခုဟာ ပုံမှန်တက္ကသိုလ်တွေထက်ထူးခြားတာက UIC တွေ စုပေါင်းပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တစ်ကျောင်းချင်းစီအလိုက် ကိုယ်ကိုင်တိုင်စီမံခန့်ခွဲပိုင်ခွင့်တွေအရ ကျောင်းဝင်ခွင့် သတ်မှတ်ချက်တွေ မတူညီဘဲ သင်ကြားရေးပုံစံကိုလည်း ကျောင်းအလိုက် အဆင်ပြေတဲ့ပုံစံမျိုးနဲ့ သင်ကြားခွင့်ရကြတာပါပဲ။

 

ဥပမာ- မြန်မာ့နွေဦးတက္ကသိုလ်ကို ဝိဇ္ဇာ၊ သိပ္ပံကျောင်းပေါင်း (၆၀) ကျော်က UIC တွေစုပေါင်းဖွင့်လှစ်ထားတာ၊ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်ကို ဝိဇ္ဇာ၊ သိပ္ပံကျောင်း ခြောက်ကျောင်းက UIC တွေ ပေါင်းပြီးဖွင့်လှစ်ထားတာ၊ နွေဦးဆရာအတတ်ပညာတက္ကသိုလ်ကို ပညာရေးသုံးခုက UIC တွေပေါင်းပြီး ဖွင့်လှစ်ထားပြီး သင်ကြားရေးအတတ်ပညာတက္ကသိုလ်ကို ပညာရေးဒီဂရီကောလိပ် (၂၅) ခုက UIC တွေ ပေါင်းပြီးဖွင့်လှစ်ထားတာမျိုးပါ။

 

တက္ကသိုလ်ဝင်ခွင့်ခေါ်ယူတဲ့ ကျောင်းတွေထဲမှာ အထက်မှာဖော်ပြထားတဲ့ တက္ကသိုလ်တွေတင်မကဘဲ ကွန်ပျူတာ တက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ၊ သစ်တောတက္ကသိုလ်၊ ယဉ်ကျေးမှုတက္ကသိုလ်၊ ဆေး တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စတဲ့ ကဏ္ဍပေါင်းစုံက တက္ကသိုလ်တွေပါဝင်တယ်လို့  NUG- MOE က တာဝန်ရှိသူက CJ Platform ကို ရှင်းပြပြောဆိုပါတယ်။

 

တက္ကသိုလ် ၁၆ ခုမှာ ဘယ်သူတွေတက်ရောက်ခွင့်ရနိုင်မှာပါလဲ။

 

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုတွေကိုတော့ ၂၀၂၀ ခုနှစ်နဲ့ အဲဒီနှစ်မတိုင်ခင်က တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေ၊ နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်ဖြစ်တဲ့ IGCSE, SAT, GED အစရှိတဲ့ အောင်လက်မှတ်ရထားတဲ့သူတွေ၊ တိုင်းရင်းသားဒေသအသီးသီးက ပညာရေးအစီအစဉ်နဲ့ အခြေခံပညာ ပြီးမြောက်အောင်မြင်ထားသူတွေ၊ NUG-MOE ရဲ့ အခြေခံပညာကဏ္ဍကဦးစီးကျင်းပခဲ့တဲ့ အခြေခံပညာပြီးမြောက်ကြောင်းစာမေးပွဲ(BECA) အောင်မြင်ထားသူတွေ၊ သက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေက လျှောက်ထားနိုင်ကြမှာဖြစ်တယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ဆီကို ထွက်ပြေးခိုလှုံနေကြရတဲ့ နယ်စပ်ဒေသတွေက ရွှေ့ပြောင်းမိသားစုဝင်တွေအတွက် ပညာရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ (ရိုဟင်ဂျာပညာရေးအဖွဲ့အစည်းများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း နယ်စပ်စခန်းများမှာရှိတဲ့ ပညာရေးအဖွဲ့အစည်းများ)ရဲ့ အခြေခံပညာပြီးမြောက်ကြောင်း အောင်မြင်ထားသူတွေအနေနဲ့လည်း သက်ဆိုင်ရာပညာရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ပေးတဲ့ ပညာရေးဆိုင်ရာ အထောက်အထားတွေတင်ပြနိုင်မယ်ဆိုရင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။

 

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၉) ရက်နေ့ကနေ နိုဝင်ဘာ (၂၉) ရက်နေ့အထိ ပထမအကြိမ်အဖြစ်ခေါ်ယူထားခဲ့ပြီးပါပြီ။

 

အဲဒီမှာ ကျောင်းသားပေါင်း ၁၅,၆၀၀ ကျော်အထိ စာရင်းပေးသွင်းခဲ့တယ်လို့ MOE ရဲ့ တာဝန်ရှိသူက CJ Platform ကို အီးလ်မေးကနေတစ်ဆင့် တရားဝင်ပြန်လည်ဖြေကြားပါတယ်။

 

“တက္ကသိုလ်တွေရဲ့ ပညာရပ်ဆိုင်ရာ စံချိန်စံညွှန်းများ၊ တက္ကသိုလ်ပညာရေး လွတ်လပ်ခွင့်နဲ့အညီ စိစစ်ရွေးချယ်ထားကြတာဖြစ်ပါတယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်း သင်ကြားရေးပုံစံ ကွာခြားကြပါတယ်” လို့ ကျောင်းသားရွေးချယ်ပုံနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါတယ်။

 

ပညာသင် တစ်နှစ်တည်း နှစ်ကြိမ် လျှောက်ခွင့်ရနိုင်မယ့် အခွင့်အရေး

 

အခုပညာသင်နှစ်မှ စတင်တဲ့ ဒီတက္ကသိုလ် ၁၆ ခုဟာ ကျောင်းသားတွေအတွက် အခွင့်အရေးနှစ်ခုရှိလို့နေပါတယ်။

အကယ်၍ ပထမအကြိမ်ခေါ်ယူမှုကို မမီလိုက်သူတွေ၊ တက်ရောက်ဖို့ ရွေးချယ်မခံရသူတွေအနေနဲ့ကတော့ ၂၀၂၄ ခုနှစ် ဧပြီလထဲမှာ ဒုတိယအကြိမ် ဝင်ခွင့်ခေါ်ယူမှုမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် အဲဒီအခါမှာ ထပ်မံလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

 

“အရင်က တက္ကသိုလ်ပညာသင်နှစ်ပုံစံမျိုးက တစ်နှစ်တစ်ကြိမ်သာခေါ်လေ့ရှိပါတယ်။ အခု နွေဦးတော်လှန်ရေးကာလကစတင်ပြီး ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပေါ်မူတည်ပြီး တစ်နှစ်ကို နှစ်ကြိမ်ခေါ်ယူသွားမှာ ဖြစ်ပါတယ်” လို့ NUG-MOE တာဝန်ရှိသူက ပြောပါတယ်။

 

ပထမဆုံးပညာသင်နှစ်မှာ တက္ကသိုလ်ကျောင်းသား/သူတွေကို ဘယ်လိုသင်ကြားနေကြပါသလဲ။

 

ကျောင်းတချို့ဟာ Learning Myanmar System (Moodle)နဲ့ သင်ကြားပြီး၊ တချို့ကျောင်းတွေကတော့ Moodle အပြင် အွန်လိုင်းကနေ Zoom ကိုအသုံးပြုပြီး  Face-to-face သင်ကြားရေးကိုပါ သင်ကြားကြပါတယ်။ တချို့ကျောင်းတွေကတော့ Moodle နဲ့ Zoom အပြင် မြေပြင်လက်တွေ့လုပ်ဆောင်ရေး လုပ်ငန်းတွေနဲ့ပါ သင်ကြားကြတယ်လို့ သိရပါတယ်။ တချို့ကျောင်းမှာတော့ Online campus – On-ground campus စတဲ့ နည်းလမ်းတွေကိုပါသုံးပြီး ကျောင်းတွေရဲ့ လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေအပေါ်မူတည်ပြီး သင်ကြားမှုပုံစံ အမျိုးမျိုးကွာခြားနိုင်ကြတယ်လို့ MOE က ဆက်ပြောပါတယ်။

 

တော်လှန်ရေးအင်အားစုဘက်က အခုလို ပညာသင်ကြားရေးကို လည်ပတ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေသလို အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ပညာရေးယန္တရားကို လည်ပတ်နိုင်ဖို့ မျိုးစုံကြိုးပမ်းနေသလို တော်လှန်ရေးသုံးနှစ်ကျော်ကာလမှာတော့ စစ်ကောင်စီပညာရေးဘက်ပြန်ရောက်သွားကြတဲ့သူတွေလည်း ရှိနေဆဲပါပဲ။

 

အာဏာသိမ်းစစ်ကောင်စီဟာ တနေ့တခြားခက်ခဲလာတဲ့ ပညာရေး CDM တွေကို သူတို့လက်အောက် ပြန်ဝင်ဖို့ နည်းမျိုးစုံနဲ့ မက်လုံးပေးတာ၊ ခြိမ်းခြောက်တာတွေအပြင် ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဂုဏ်ထူးတွေအလွယ်တကူပေးတာ၊ အလွယ်တကူအောင်ပေးတာ စတဲ့ နည်းလမ်းတွေနဲ့ မက်လုံးပေး ဆွဲဆောင်နေဆဲဖြစ်ပါတယ်။

 

အာဏာသိမ်းပြီးနောက်တစ်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီက ဦးစီးကျင်းပတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၂၈၁,၇၅၁) ဦးအနက် အောင်မြင်သူ (၁၃၂,ဝ၇၇) ဦးနဲ့ အောင်ချက် ၄၆ ဒဿမ ၈၈ ရာနှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ဖြေဆိုသူ (၁၆၁,၈၅၀) ဦးထိလျော့ကျခဲ့ပေမယ့် အောင်မြင်သူ (၁၀၉,၈၅၁) ဦးနဲ့ အောင်ချက်က ၆၇ ဒဿမ ၈၇ ရာနှုန်းဆိုတဲ့ တက္ကသိုလ်ဝင်တန်းအောင်ချက် စံချိန်တင် မြင့်တက်ခဲ့တာက အာဏာသိမ်းစစ်ကောင်စီရဲ့ ကျောင်းသားတွေကို အလွယ်တကူအောင်ပေးပြီး စည်းရုံးနေခဲ့တာ ထင်ရှားတဲ့ သက်သေပဲဖြစ်ပါတယ်။

 

အာဏာသိမ်းစစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း အောင်မှုသူဦးရေနဲ့ NUG-MOE ရဲ့  တက္ကသိုလ် (၁၆) ခုမှာ လျှောက်ထားတက်ရောက်နေသူဦးရေနဲ့ နှိုင်းယှဉ်ကြည့်ရင် ခုနစ်ဆနီးပါးကွာဟနေပေမဲ့ ကျောင်းသားတချို့ကတော့ စစ်ကောင်စီလက်အောက် ပြန်မဝင်လိုဘဲ NUG-MOEရဲ့ ပညာသင်ကြားရေးကိုသာ ဆက်လက်သင်ယူလိုနေတယ်လို့ ပြောဆိုပါတယ်။

 

“စစ်ကောင်စီက ကျွန်တော်တို့ ကျောင်းသားထုကို မတရားဖမ်းဆီးခြင်း၊ ထောင်ချခြင်းများအပြင်၊ ပြည်သူလူထုကိုပါ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ကျောင်းသားထုရှေ့မှာ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတာဖြစ်တဲ့အတွက် သူတို့(စစ်ကောင်စီ)ရဲ့ ပညာရေးစနစ်မှာ တက်ရောက်ဖို့ လုံးဝအဖြစ်နိုင်ပါဘူး” လို့ လက်ရှိ NUG-MOE အသိအမှတ်ပြု တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးက CJ Platform သတင်းဌာနကို ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ ပညာရေးဟာ ကျောင်းသားတွေကို အယုံသွင်းပြီး အတွေးအခေါ်အမှားတွေကို ဝေငှသင်ကြားနေတာသာဖြစ်တဲ့အတွက် မသင်ယူလိုဘဲ ပြည်သူကလက်ခံတဲ့ ပြည်သူ့အစိုးရဖြစ်တဲ့ NUG ရဲ့ ပညာရေးအစီအစဉ်မှာပဲ တိုင်းပြည်အတွက် အသုံးဝင်မယ့် ပညာတွေကို သင်ယူလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

သို့သော်ငြား NUG-MOE ရဲ့ အဆင့်မြင့်ပညာကဏ္ဍ ဆောင်ရွက်မှုတွေဟာ အင်တာနက်အသုံးပြုမှရတဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် ကျောင်းသားတချို့အတွက် လက်လှမ်းမီဖို့ခက်ခဲနေဆဲပဲ ဖြစ်ပါတယ်။ လက်ရှိပညာသင်ကြားနေတဲ့ ကျောင်းသားတချို့ကလည်း ပညာသင်ကြားရေးဟာ အခမဲ့ဖြစ်ပေမယ့် အင်တာနက်ရရှိနိုင်မှု၊ အင်တာနက် အသုံးပြုတဲ့ ကုန်ကျစရိတ် စတာတွေဟာ ပညာဆက်လက်သင်ယူဖို့ အခက်အခဲတစ်ခုဖြစ်နေဆဲဖြစ်တယ်လို့ CJ Platform သတင်းဌာနကို‌ ပြန်ပြီး ဖြေကြပါတယ်။

 

NUG-MOE ဘက်ကလည်း “အင်တာနက်မရရှိတဲ့ ဒေသတွေက ကျောင်းသား၊ ကျောင်းသူများအတွက် မြေပြင်လုံခြုံရေးနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မယ့် ကျွမ်းကျင်ဆရာအင်အား ရရှိနိုင်မှုပေါ်မူတည်ပြီး အထူးသီးသန့်အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဖြေဆိုပါတယ်။

 

ဒါ့အပြင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အမျိုးသားညီညွှတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး အထူးသီးသန့် ဝင်ခွင့်အစီအစဉ်တွေနဲ့ ဆောင်ရွက်နေတာတွေ၊ အကျဉ်းကျခံနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း မကြာခင် ထွက်ပေါ်လာမယ့် CDM ကျောင်းသားမူဝါဒအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

 

အထက်ပါ အခက်အခဲတွေအပြင် NUG-MOE နဲ့ ချိတ်ဆက်ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေအတွက် လုံလောက်တဲ့ ဘဏ္ဍာငွေမရှိတာ၊ နိုင်ငံတကာက တက္ကသိုလ်တွေ ပညာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး Online Lab တွေ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ဖို့တွေ၊ နောင်တစ်ချိန်မှာ ဘွဲ့ရသွားမယ့် ကျောင်းသား ကျောင်းသူတွေအတွက် လုပ်ငန်းအတွေ့အကြုံနဲ့ အလုပ်အကိုင်သေချာစေဖို့ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းစတဲ့ ကိစ္စတွေမှာတော့ အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ NUG-MOE ဘက်က ပြောပါတယ်။

 

အဲဒီလိုအခက်အခဲမျိုးစုံရှိနေပေမဲ့လည်း NUG-MOE ရဲ့ပညာရေးဟာ တော်လှန်ရေးဘက်မှာ ရပ်တည်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး လက်ရှိတက်ရောက်သင်ကြားနေတဲ့ ကျောင်းသားကလည်း NUG-MOEရဲ့ ပညာရေးအောင်မြင်ဖို့ မိဘ၊ ဆရာ၊ ကျောင်းသား သုံးဦးစလုံးပူးပေါင်းပြီး အတူတကွ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။

 

“အမျိုးမျိုးသော ဖိအားများကြားကနေ နွေဦးတော်လှန်ရေးကို ယုံကြည်ပြီး အဆုံးထိလိုက်ပါပေးကြတဲ့ တော်လှန်ရင်း ပညာသင်၊ ပညာသင်ရင်းတော်လှန်နေကြသော ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘပြည်သူများကို လေးစားဦးညွှတ်ပါတယ်” လို့ NUG-MOE က ပြောပါတယ်။

 

ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးနဲ့ အလုပ်အကိုင်၊ အနာဂတ်အာမခံချက်များရရှိစေဖို့ ကြိုးစားဆောင်ရွက်နေကြတယ်လို့ MOE က ကျောင်းသား/သူတွေရဲ့ အနာဂတ်လမ်းကို ချပြပါတယ်။

 

အခက်အခဲမျိုးစုံကြားက NUG-MOE ရဲ့ အဆင့်မြင့် ပညာရေး ဘယ်အထိ ခရီးဆက်ပါမလဲ။ NUG-MOE ရဲ့ ပညာ့အရိပ်ခိုလှုံသူတွေကရော ဘယ်လောက်အထိ လုံခြုံပြီး ဘယ်လောက်အထိ အေးမြနိုင်ပါမလဲ။

 

မေးခွန်းများစွာဖြင့်…