NUG ကပြုလုပ်မည့် စာမေးပွဲသည် စစ်ဘေးရှောင်များ၊ လက်နက်ကိုင်တော်လှန်ရေးရဲဘော်များ၊ အခြေခံလူတန်းစားများအတွက် တရားမျှတမှုမရှိဟုဆို

Author ခေတ်နီ
Categories
Published on Nov 27, 2022

 

NUG၊ MOE က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် Grade-11 စာမေးပွဲနှင့် ပတ်သက်ပြီး တရားမျှတမှုမရှိဟု ယူဆကြောင်း၊ Grade-11 စာမေးပွဲသည် ဖြေဆိုခွင့်ရရှိသူနှင့် ဖြေဆိုခွင့်မရရှိသူတို့အကြား အငြင်းပွားစရာလည်းဖြစ်သည်ဟု ဖက်ဒရယ်ကျောင်းသားသမဂ္ဂများ က ယနေ့တွင် ထုတ်ပြန်ထားသည်။

“ဖက်ဒရယ် စကူးကို ကိုယ်တိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် သင်ရိုးပြဌာန်းခွင့်တောင်းတာ၊ နောက်တစ်ခုက တရားမျှတမှုမရှိတဲ့စာမေးပွဲကို ဖြုတ်ချဖို့ တောင်းဆိုတာ၊ စာမေးပွဲတရားမျှမှုမရှိတာက ရှေ့တန်းထွက် ရဲဘော်တွေ က လွတ်လပ်ဖို့ တရားမျှတဖို့ တိုက်နေတာဖြစ်တယ်။ သူတို့အတွက်တရားမျှတမှုရှိဘူး။ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေထဲမှာ ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေက တရား၀င်စာမေးပွဲဆိုတာက တရားမမျှတဘူး။ အခြေခံလူတန်းစာတွေက တစ်သိန်းမပြည့်တဲ့ ဖုန်းကိုင်နေရတဲ့အခါ တင်ခိုင်းတဲ့ဖောင်တွေ ဖြေရမယ့် ပုံစံ အကုန်လုံးမှာ အဆင်မပြေတာတွေ အများကြီးရှိတယ်။ ဒါမျိုးကိုလည်း ဖြေရှင်းနိုင်ခြင်းမရှိဘူး” ဟု Power Of Education ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး က CJ Platform သို့ပြောသည်။

နွေဦးတော်လှန်ရေးတွင် ဘ၀စခန့် အသက်ပေးနေရသည့် ရဲဘော်များ၊ စစ်ဘေးရှောင်ဒုက္ခသည် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားဆည်းပူးခွင့် ကန့်သတ်ခံနေရသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ၂၀၂၃ ဖေဖော်ဝါရှီတွင် ကျင်းပမည့် စာမေးပွဲသည် တရားမျှမှုမရှိဟု ယူဆသဖြင့် ဖက်ဒရယ်ကျောင်းများကသာ ဖက်ဒရယ်ပညာရေးစနစ်နှင့်အညီ ကျောင်းသားများ၏ အရည်အချင်းစိစစ်ခြင်းကို အပြည့်အဝ ဆောင်ရွက်ခွင့်ပေးရမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ အဲ့ဒီ Certificate နဲ့လည်း အသက်မွေး၀မ်းကြောင်းပြုလို့မရဘူး။ ဒါမျိုးတွေကြောင့် တရားမျှတမှုမရှိတဲ့ စာမေးပွဲလို့ ပြောရခြင်းဖြစ်ပါတယ်။ စာမေးပွဲပြုလုပ်မယ်ဆိုပြီး ဆရာတွေနဲ့ ကျောင်းသားသမဂ္ဂကို အစည်းအဝေးခေါ်တယ်။ သမဂ္ဂအချို့လူငယ်တွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေက အဆင်မပြေဘူး ကန့်ကွက်ပါတယ်ပြောပေမယ့်၊ ဂရုတစိုက်နားထောင်ပြီး ပြန်လည်ပြင်ဆင်တာမပြုလုပ်ခဲ့အတွက် ဗဟိုချုပ်ကိုင်တယ်လို့ပြောရခြင်းဖြစ်ပါတယ်။ ဖက်ဒရယ်စကူးတွေလို့ ခေါင်းစဉ်တပ်ပြီးတော့မှ ကိုယ်ပိုင်စစ်ဆေးခွင့်မပေးတာက အရင်စနစ်အတိုင်းလို့ ယူဆမိပါတယ်။ ဒါမျိုးကိုလက်မခံတာပါ” ဟု Power Of Education ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး က CJ Platform သို့ပြောသည်။

ဖက်ဒရယ် ပညာရေးစနစ်နှင့်အညီ တည်ထောင်ထားသော အခြေခံပညာကျောင်းများမှ အဆင့်မြင့် ပညာရေးသို့ တိုက်ရိုက်ချိတ်ဆက်ခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နှင့်အညီ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရသော ကျောင်းများမှ တဆင့် နိုင်ငံတကာ အဆင့်မြင့်ပညာရေးကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခွင့်ကိုလည်း ခွင့်ပြုပေးရန် လိုအပ်နေသည်ဟု ဖက်ဒရယ်ကျောင်းသားသမဂ္ဂများ၏ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးစိစစ်အကဲဖြတ်ခွင့်ကို ဖက်ဒရယ်ဒီမိုကရေစီ ကျောင်းများအားဆောင်ရွက်ခွင့်ပေးရန်နှင့် NUG ၊ MOE မှ တာ၀န်ရှိသူများနှင့် ကျွန်ုပ်တို့ ဖက်ဒရယ်ကျောင်းသားများသမဂ္ဂအား တွေ့ဆုံဆွေးနွေးခွင့်ပြုပေးရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ #MOE