NUG အစိုးရကို မိမိ တသီးပုဂ္ဂလအနေဖြင့် အသိအမှတ်ပြုထောက်ခံကြောင်း ဂွမ်ဂျူးမြို့တော်၀န်ပြောကြား

Author လင်းခိုင်
Categories
Published on Oct 18, 2022

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို မိမိ တသီးပုဂ္ဂလအနေဖြင့် အသိအမှတ်ပြုကြောင်း တောင်ကိုရီးယားသမ္မတနိုင်ငံ ဂွမ်ဂျူးမြို့တော်၀န်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား သမ္မတနိုင်ငံတွင်ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်သည် ယနေ့(အောက်တိုဘာ ၁၈ရက်)တွင် ဂွမ်ဂျူးမြို့တော်၀န် MR-KANG GI JUNG နှင့် တွေ့ဆုံစဉ် မြို့တော်၀န်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင် ရာ NUG ကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

ဂွမ်ဂျူးမြို့တော်၀န်က မိမိတို့အနေဖြင့် ကိုရီးယားအစိုးရသာမက ကိုရီးယားပြည်သူ၊ ပြည်သားများအနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရပ်ရပ်ကို သိရှိကြောင်း၊ စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံသားများ၏ ခံစားချက်ကို စာနာနားလည်ပါကြောင်း၊ NUG အစိုးရကိုလည်း မိမိ တသီးပုဂ္ဂလအနေဖြင့် အသိအမှတ်ပြု ထောက်ခံပြီး၊ ကိုရီးယားအစိုးရအနေဖြင့်လည်း နွေဦးတော်လှန်ရေး ဆင် နွှဲနေသည့် မြန်မာပြည်သူပြည်သားများကို အစဉ် အားပေးနေမည်ဖြစ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အစွမ်းကုန် ကူညီပံ့ပိုးသွားမည်ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ကိုရီးယားနိုင်ငံ၏ စစ်အာဏာရှင်ကို တွန်းလှန်ခဲ့သည့် စံနမူနာကို အတုယူလေ့လာမိကြောင်း၊ မြန်မာ့ ဒီမိုကရေစီတော်လှန်ရေးကို အစဉ်ထောက်ခံအားပေးမှုအတွက် ကိုရီးယားအစိုးရနှင့် ပြည်သူပြည်သားများကို အထူးကျေးဇူတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် ဂွမ်ဂျူး မေ ၁၈ အောက်မေ့ဖွယ် ဖောင်ဒေးရှင်းရုံး ပြတိုက်သို့သွားရောက်ခဲ့ပြီး၊ ဖောင်ဒေးရှင်းဥက္ကဌ MR-SUNSEOK WON နှင့်တွေ့ဆုခဲ့သည့်အပြင် ကိုရီးယားနိုင်ငံ ရုပ်သံသတင်းဌာန MBCနှင့် အင်တာဗျူးအစီအစဉ်များပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

Related News

Depend on news