NUG ရဲ့ လေးလံတုံ့နှေးမှုက တော်လှန်ရေးကို နောက်ကောက်ကျကျန်ခဲ့မလား

Author CJ Platform
Categories
Published on Aug 10, 2025

လက်ရှိ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတွေရဲ့ စိုးရိမ်ပူပန်မှု သုံးသပ်ချက်ကနေ ထွက်ပေါ်လာတဲ့ အကြောင်းအရာတွေအရ စစ်အုပ်စုကို ဖြုတ်ချဖို့ နောက်ကျနေပြီလား၊ NUG အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ ဆက်လက်ဦးဆောင်နိုင်မှာလားဆိုတာ စိုးရိမ်မှုတွေ ရှိလာနေပါပြီ။

 

“၂၀၂၅ က အပြောင်းအလဲကို ကိုယ်က လုပ်မှာလား၊ ဒါမှမဟုတ် ကိုယ်က အပြောင်းအလဲ ခံလိုက်ရမှာလားဆိုတဲ့ မေးခွန်းကို ဖြေရမယ့်အချိန်လို့ မြင်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုနှစ် ဇန်နဝါရီလဆန်းပိုင်း ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် နှစ်ဝက်ကျော်ပြီးချိန်အထိ တုံ့နှေးလေးလံနေတဲ့ NUG အစိုးရအဖွဲ့ကြားမှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲမရှိသေးပါဘူး။ ၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်း ကချင်၊ ရခိုင်နဲ့ ကရင်ပြည်ဒေသတို့က စစ်ရေးဖော်ဆောင်မှုကလွဲရင် ကျန်တဲ့ဒေသတွေမှာ တော်လှန်ရေးဟာ သိသိသာသာ အရှိန်ကျသွားတာကို မြင်နေရပါတယ်။

 

“ရွေးကောက်ပွဲမတိုင်ခင် အားလုံးထိုးစစ်ဆင်လည်း မရလောက်တော့ဘူးလို့ထင်တယ်။ ရွေးကောက်ပွဲပြီးရင်လည်း ပြန်ပြီးတော်လှန်ရဦးမှာပဲ။ စစ်ကောင်စီ (စစ်ကော်မရှင်) ကတော့ ရွေးကောက်ပွဲပျက်လည်း သူတို့စစ်တပ်ပျက်တာမှ မဟုတ်တာ။ သူတို့ကတော့ တစ်နည်းနည်းနဲ့တော့ အုပ်ချုပ်မှာပဲ။ အဲဒီတော့ တော်လှန်ရေးက ရေရှည်အနေအထားမျိုးနဲ့သွားရမယ့်ပုံစံဖြစ်သွားပြီ။ ဒါ ဘယ်လိုမှ ငြင်းဆန်လို့မရတော့ဘူး” လို့ CDM ဗိုလ်ကြီး ဇင်ယော်က တော်လှန်ရေးအရွေ့အပေါ် သူ့ရဲ့အမြင်ယူဆချက်နဲ့ပတ်သက်ပြီး CJ Platform ကို ပြောပါတယ်။

စစ်ကောင်စီကနေ စစ်ကော်မရှင်အဖြစ် စစ်အုပ်စုက အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပဖို့ကျင်းပဖို့ ပြင်ဆင်နေချိန် NUG ဘက်ကတော့ တုံ့နှေးမှုတွေနဲ့အတူ လေးလံနေတဲ့အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကြီးကြီးမားမားလုပ်ဆောင်ဖို့ တွန့်ဆုတ်နေတုန်းပါပဲ။ ဒါဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက် နောက်ကောက်ကျသွားစေနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

 

စစ်အုပ်စုဟာ စစ်တပ်ရဲ့နိုင်ငံရေးအုပ်စိုးမှု သက်ဆိုးရှည်ရေးနဲ့ စစ်အာဏာရှင်စနစ်ကို သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်း သယ်ဆောင်သွားဖို့၊ မြန်မာပြည်သူတွေကို စစ်ဖိနပ်အောက်ထားရှိနိုင်ဖို့ ဘက်ပေါင်းစုံကနေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း CJ Platform ကို ဖြေကြားထားပါသေးတယ်။

 

“အဲဒီအခြေအနေနဲ့ကိုက်ညီတဲ့ အပြောင်းအလဲမျိုး NUG အစိုးရဘက်က မလုပ်ပါဘူး။ မလုပ်နိုင်ပါဘူး။ NUG ရဲ့အခုအစီအစဉ်က ၂၀၂၆ ခုနှစ်လောက်မှ ပြုပြင်ပြောင်းလဲရေးတို့ ဘာတို့လုပ်မယ်ပြောနေတာ၊ သူတို့က အဲဒါတွေကို ဖြည်းဖြည်းမှလုပ်မယ်ဆိုတော့ တကယ်ကတော့ နောက်ကျသွားပါပြီ။ တပ်ပေါင်းစုဖွဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ရမှာပါ။ အဲဒါတွေမလုပ်နိုင်ရင်တော့ နောက်ထပ် နှစ် ၇၀ လောက် စစ်ဖိနပ်အောက်နေရဦးမယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်အုပ်စု ပြုတ်ကျရေးနဲ့ တော်လှန်ရေးကို ဦးဆောင်နေတဲ့ NUG အစိုးရအဖွဲ့အနေနဲ့ အချိန်မနှောင်းမီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ကြဖို့ တော်လှန်ရေးအောင်မြင်ဖို့အတွက် NUG အားကောင်းဖို့ လိုအပ်တယ်လို့လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်းက ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ ထောက်ပြရေးသားခဲ့ပါသေးတယ်။

 

“ NUG မှာ လက်ရှိ တာဝန်ယူထားကြတဲ့ “လူ” ကော၊ ချမှတ်ဆောင်ရွက်နေတဲ့ “မူ” ပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ အရေးကြီးတယ်၊ ဒီပြင်ဆင်ပြောင်းလဲမှုကို အချိန်မနှောင်းမီ လုပ်ကြပါ၊ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် NUG အားကောင်းဖို့ လိုအပ်တယ်” လို့ ဒေါက်တာတေဇာဆန်းက ရေးသားဖော်ပြထားပါတယ်။

ဒေါက်တာတေဇာဆန်းအပါအဝင် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ အခြားတက်ကြွလှုပ်ရှားသူတွေကလည်း NUG အစိုးရအဖွဲ့အပေါ် ဝေဖန်ထောက်ပြမှုတွေရှိလာချိန် NUG အစိုးရအဖွဲ့အတွင်း လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ လေ့လာသုံးသပ်မှုတွေ ဆက်တိုက်လုပ်ကိုင်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ဇူလိုင် ၂၉ ရက်က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

NUG အစိုးရနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကြား တပ်ပေါင်းစုဖွဲ့နိုင်ခြေရှိ မရှိ အခြေအနေနဲ့ပတ်သက်ပြီး CJ Platform ကလည်း ဦးနေဘုန်းလတ်ကို မေးမြန်းခဲ့ချိန် “ဒီနှစ်အတွင်းမှာ စစ်ရေးရည်မှန်းချက်အရပေါ့၊ စစ်ရေးရည်မှန်းချက်တစ်ခုထဲအောက်မှာ တိုက်ခိုက်နိုင်ဖို့တော့ ပြင်ဆင်ဆောင်ရွက်နေတာတွေရှိပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အားလုံးလိုလိုနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကိုင်နေတာတွေ ရှိပါတယ်” လို့ ပြန်လည်ဖြေဆိုထားပါတယ်။

စစ်အုပ်စု ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲမတိုင်ခင် NUG အနေနဲ့ စစ်ရေးအရ ထိုးစစ်ဆင်မှုတွေ အပြင်းအထန်လုပ်ဆောင်ဖို့ လိုအပ်နေပြီး ကျယ်ပြန့်တဲ့ တပ်ပေါင်းစုတွေ ဖွဲ့စည်းဖို့ လိုအပ်နေတယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

 

အားလုံးပါဝင်မယ့် အထွေထွေတပ်ပေါင်းစုကိုဖွဲ့စည်းပြီး စစ်အုပ်စု ရွေးကောက်ပွဲ မကျင်းပနိုင်အောင် နေပြည်တော်ထိ ဦးတည်ပြီး တိုက်ပွဲဝင်သွားဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီလိုမလုပ်ဆောင်နိုင်ပါက အခွင့်အလမ်းတွေဟာ နောက်ကျသွားနိုင်တယ်လို့လည်း သူက သုံးသပ်ထားပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့ တိုင်း ၈ ခုက မြို့နယ် ၆၃ မြို့ကို စစ်အုပ်စုက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။ ဒီစစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာထားတဲ့မြို့နယ်တွေကလွဲရင် ကျန်တဲ့မြို့နယ်တွေမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီး ကျန်ရှိဒေသတွေမှာ ရွေးကောက်ပွဲကို နောက်ဆက်တွဲ ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။

 

ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်ကလည်း “တစ်ဘက်က သူ့ဘာသာ တစ်ဆင့်ချင်းပြင်နေတာ အဲဒါကိုမှ ရွေးကောက်ပွဲကို ပြည်သူတွေ ဝိုင်းဆန့်ကျင်ပါဆိုတဲ့ စကားတစ်ခွန်းနဲ့တော့ မရဘူး၊ ပြည်သူကလဲ အတော်အထိနာနေပြီ တစ်လျှောက်လုံးလဲ ရအောင် ဆန့်ကျင်ပေးခဲ့တာဖြစ်တယ်၊ အဲ့ထက်ကောင်းတဲ့ ပလန်တွေ ကျွန်တော်တို့ ရွေးရလိမ့်မယ်”လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားနိုင်တယ်လို့ဆိုပေမဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ၊ နည်းပညာနဲ့ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံထားရတဲ့ တပ်ဖွဲ့ဝင်အင်အားတွေ အသုံးပြုပြီး လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့တွေကိုပြန်လည်သိမ်းယူမှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရှမ်းပြည်အတွင်းက မိုးဗြဲမြို့၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်းမြို့တို့ကို စစ်အုပ်စုက ပြန်လည်သိမ်းယူခဲ့ပါတယ်။

 

၂၀၂၃-၂၀၂၄ ခုနှစ်ကာလ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးရှုံးနိမ့်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ စစ်အုပ်စု သူတို့ရဲ့အားနည်းချက်ကို ပြန်လည်ပြုပြင်ပြီး တရုတ်၊ ရုရှားနိုင်ငံတို့က နည်းပညာအကူအညီတွေ ရယူခဲ့သလို နိုင်ငံတွင်း စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီး အဓမ္မတပ်သားသစ်စုဆောင်းမှုတွေနဲ့အတူ တပ်တွင်းအင်အားလျော့နည်းမှုနဲ့ လက်နက်အင်အားတွေကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါတယ်။

 

ဥပမာအနေနဲ့ CJ Platform က လက်ခံရရှိထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စုရဲ့ အမှတ်(၃) ခြေလျင်တပ်မဟာလက်အောက်ခံ ကချင်ပြည် နမ္မတီး အခြေစိုက် အမှတ် (၃၉၀) ခြေမြန်တပ်ရင်း ခမရ (၃၉၀)ရဲ့ တပ်အင်အားဟာ အမှန်တကယ်ရှိရမယ့် တပ်ဖွဲ့စည်းပုံအင်အားရဲ့ ၂၉ ဒသမ ၅၁ ရာခိုင်နှုန်းသာရှိနေပြီး လက်ရှိအင်အားရဲ့ ၅၃ ဒသမ ၃၅ ရာခိုင်နှုန်းဟာ အဓမ္မစစ်မှုထမ်း ခေါ်ဆောင်ခံထားရတဲ့ ပြည်သူ့စစ်မှုထမ်းတွေဖြစ်ပါတယ်။ တပ်ဖွဲ့စည်းပုံအင်အားဟာ အရာရှိအင်အား ၃၁ဦး၊ အခြားအဆင့် ၈၂၆ ဦး ရှိရမှာ ဖြစ်ပေမဲ့ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ဇွန်လ ၃၀ ရက်နေ့ထိ အရာရှိ ၁၃ ဦး၊ အခြားအဆင့် ၂၄၀ ဦး စုစုပေါင်း ၂၅၃ ဦးသာ ရှိပါတယ်။ အခြားအဆင့် ၂၄၀ ဦးအနက် ၁၃၅ ဦးဟာ စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်မှုထမ်းနေသူတွေဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုဟာ သူတို့ တပ်တွင်းအင်အားကို ပြည်သူ့စစ်မှုထမ်းတွေနဲ့ ကာဗာလုပ်နေတာကို မြင်ရနိုင်ပါတယ်။

 

တစ်ဖက်မှာတော့ တော်လှန်ရေးကို ဦးဆောင်နေတဲ့ NUG အစိုးရနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စုပေါင်းဖွဲ့စည်းမှုတွေ လျော့နည်းကျဆင်းသလို စစ်ရေးဖော်ဆောင်နိုင်မှုတွေဟာလည်း သိသာထင်ရှားတဲ့ နယ်မြေသိမ်းပိုက်မှုတွေ ထပ်မံလုပ်ဆောင်နိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

 

ဒါပေမဲ့ NUG အစိုးရနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပြည်နယ် ခုနစ်က ဒေသတွေမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ နှစ်ဖက်သဘောတူညီမှု (MoU) ပုံစံ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေသလို MOD ရဲ့ Chain of Command (CoC) အောက် ဝင်ရောက်နေတဲ့အဖွဲ့တွေလည်းရှိနေပြီး အတူတိုက်ပွဲဝင်နေကြတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ NUG အစိုးရအဖွဲ့အတွင်း မလိုအပ်တဲ့ဝန်ကြီးဌာနတွေကို လျှော့ချကာ တော်လှန်ရေးအောင်မြင်ဖို့၊ အဆုံးသတ်နိုင်ဖို့အတွက် အပြောင်းအလဲတွေ ပြုလုပ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲကို မမြင်တွေ့ရသေးပါဘူး။

 

စစ်အုပ်စုက နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ အသိအမှတ်ပြုခံရဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန် တော်လှန်ရေးအောင်မြင်ဖို့နဲ့ အထွေထွေတပ်ပေါင်းစုဖွဲ့နိုင်ဖို့ တုံ့နှေးလေးလံနေတဲ့ NUG အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှု အကောင်အထည်မဖော်နိုင်ခဲ့ရင် တော်လှန်ရေးဟာ နောက်ကျသွားနိုင်သလို ပိုမိုရှည်ကြာသွားနိုင်တဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်သွားမှာကိုလည်း စိုးရိမ်မှု ရှိနေကြပါတယ်။